DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၇-၁၁-၂၀၂၅:   ယနေ့မြန်မာစံတော်ချိန် ၁၇:၃၀ နာရီအချိန် တိုင်းထွာချက်များအရ မလက္ကာရေလက်ကြားတွင် ဖြစ်ပေါ်နေသော အားကောင်းသောမုန်တိုင်းငယ်(Deep Depression)သည် အရှေ့ဘက်သို့ရွေ့လျားခဲ့ပြီး မုန်တိုင်းငယ်အဖြစ်သို့ အားလျော့ သွားပြီဖြစ်ပါသည်။ အဆိုပါ မုန်တိုင်းငယ်သည် နောက် ၂၄ နာရီအတွင်း အရှေ့ဘက်သို့ ဆက်လက်ရွေ့လျားပြီး လေဖိအားနည်း ရပ်ဝန်းအဖြစ်သို့ အားလျော့သွားမည်ဟု ခန့်မှန်းရပါသည်။ ယနေ့မြန်မာစံတော်ချိန် ၁၇:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော သီရိလင်္ကာနိုင်ငံကမ်းခြေတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသောမုန်တိုင်းငယ် (Deep Depression) သည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ပိုမိုအားကောင်းလာကာ ဆိုင်ကလုန်းမုန်တိုင်း “ဒစ်ဝါ” (DITWAH) အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါ  ဆိုင်ကလုန်းမုန်တိုင်း “ဒစ်ဝါ” သည် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်း မြို့ (Coco Island) ၏ အနောက်တောင်ဘက် ရေမိုင် ၈၀၀ မိုင်ခန့်၊ သီရိလင်္ကာနိုင်ငံ၊ ထရီကိုမာလီမြို့ (Tricomalee) ၏ တောင်-အရှေ့တောင်ဘက် ရေမိုင် ၁၁၀ မိုင် ခန့်နှင့် အိန္ဒိယနိုင်ငံ၊ ပူဒူချယ်ရီမြို့(Puducherry)၏ တောင်-အရှေ့တောင်ဘက် ရေမိုင် ၃၃၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “ဒစ်ဝါ” သည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး သီရိလင်္ကာနိုင်ငံအရှေ့ပိုင်းကမ်းခြေဒေသများနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက် တောင်ပိုင်းတို့ကို ဖြတ်ကျော်နိုင်ကာ အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူးကမ်းခြေနှင့် အင်ဒရာပရာဒေ့ရှ်တောင်ပိုင်းကမ်းခြေတို့သို့ ရောက်ရှိနိုင် သည်ဟု ခန့်မှန်းရပါသည်။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကပ္ပလီ ပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

မုန်တိုင်းငယ်သတင်း (၁၅.၁၁.၂၀၁၇)

မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၃)၊၂၀၁၇  

မုန်တိုင်းငယ်အခြေအနေ

(က)    ယနေ့မြန်မာစံတော်ချိန် (၂၁:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်

အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression)သည် မြောက်-အရှေ့မြောက်

ဘက်သို့ ရွေ့လျားခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ ဗီဇာကာပတ္တနမ် (Visakhapatnam) မြို့၏ တောင်ဘက် မိုင်(၈၀)

ခန့်၊ ဂိုပါလ်ပူ(Gopalpur)မြို့၏ တောင်-အရှေ့တောင်ဘက် မိုင်(၂၀၀)ခန့်အကွာ ပင်လယ်ပြင်ကို

ဗဟိုပြုနေပါသည်။
(ခ)    မုန်တိုင်းငယ်၏လက်ရှိအခြေအနေမှာ မြန်မာ့ကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားမည့် အခြေအနေ

မရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။

မုန်တိုင်းငယ်၏တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

(က)    အဆိုပါမုန်တိုင်းငယ်သည် မြန်မာစံတော်ချိန်(၂၁:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု (၁၆.၂)

ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၃.၃)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၁၀၀၁) ဟက်တိုပါစကယ်နှင့်

အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၃၇)နှုန်းဖြစ်ပါသည်။

နောက်(၃၆)နာရီအတွင်းခန့်မှန်းချက်         

(က)    အဆိုပါ မုန်တိုင်းငယ်သည် မြောက်-အရှေ့မြောက်ဘက်သို့  ဆက်လက်ရွေ့လျားပြီး၊ နောက် (၃၆)

နာရီအတွင်း အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်ကမ်းခြေမြောက်ပိုင်းနှင့် သြရိဿကမ်း ခြေတောင်ပိုင်းအနီးသို့

ရောက်ရှိကာ တဖြည်းဖြည်း အားလျော့သွားမည်ဟု ခန့်မှန်းရပါသည်။
(ခ)    အဆိုပါမုန်တိုင်းငယ်၏အရှိန်ကြောင့် နောက်(၃၆)နာရီအတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်

နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူး

တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့်  ရှမ်းပြည်နယ်တို့တွင်

နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ပါသည်။

အကြံပြုချက်
        (က)    မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်း

 ရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။