DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂-၉-၂၀၂၅: ယနေ့မြန်မာစံတော်ချိန် ၁၇:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် နောက် ၂၄ နာရီအတွင်း ပိုမိုအားကောင်း လာနိုင်ပြီး၊ ထိုမှတစ်ဆင့် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားကာ၊ နောက် ၄၈ နာရီအတွင်း အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်ကို ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တို့တွင် မုတ်သုံလေ အားကောင်းနေပါသည်။

 

အပူပိုင်းမုန်တိုင်းသတင်းအမှတ်စဉ်(၀၄/၂၀၂၅)

အပူပိုင်းမုန်တိုင်း “နောင်ဖ”  (NONGFA) သတင်း အမှတ်စဉ်(၀၄/၂၀၂၅)

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်နေ့  မြန်မာစံတော်ချိန် ၀၉:၀၀ နာရီအချိန် ထုတ်ပြန်ချက်

(­­­က)    အပူပိုင်းမုန်တိုင်း “နောင်ဖ” (NONGFA)အခြေအနေ

ယနေ့မြန်မာစံတော်ချိန် ၀၇:၃၀ နာရီအချိန် တိုင်းထွာချက်များအရ တုံကင်ပင်လယ်ပြင် တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်းငယ် (Tropical Depression) သည် အနောက် ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ပိုမိုအားကောင်းလာကာ အပူပိုင်းမုန်တိုင်း‌ “နောင်ဖ” (NONGFA) အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါ အပူပိုင်းမုန်တိုင်း‌ “နောင်ဖ” သည် ဗီယက်နမ် နိုင်ငံ၊ ဗင့်မြို့ (Vinh) ၏ တောင်-အနောက်တောင်ဘက် ရေမိုင် ၁၃၀ မိုင်ခန့်၊ ဒါနန်းမြို့ (Da Nang) ၏ အရှေ့-အရှေ့မြောက်ဘက် ရေမိုင် ၁၁၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

(ခ)     အပူပိုင်းမုန်တိုင်း “နောင်ဖ” ၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

အဆိုပါ အပူပိုင်းမုန်တိုင်း‌ “နောင်ဖ” သည် မြန်မာစံတော်ချိန် ၀၇:၃၀ နာရီအချိန်တွင် မြောက်လတ္တီကျု ၁၇.၉ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၁၀၇.၉ ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက် လေဖိအား ၉၉၆ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၄၀ နှုန်းခန့် ဖြစ်ပါသည်။

(ဂ)    နောက် ၂၄ နာရီအတွင်းခန့်မှန်းချက်

အဆိုပါ အပူပိုင်းမုန်တိုင်း‌ “နောင်ဖ” သည် အနောက်ဘက်သို့ ဆက်လက်ရွေ့လျား နိုင်ပြီး၊ နောက် ၉ နာရီအတွင်း ဗီယက်နမ်နိုင်ငံကမ်းခြေကို ဗင့်မြို့နှင့် ဒါနန်းမြို့တို့ အကြားမှ ဖြတ်ကျော်နိုင်ပြီး၊ နောက် ၂၄ နာရီအတွင်း လာအိုနိုင်ငံပေါ်သို့ ရောက်ရှိကာ အပူပိုင်းမုန်တိုင်းငယ်အဖြစ်သို့ အားလျော့သွားနိုင်သည်ဟု ခန့်မှန်းရပါသည်။

(ဃ)    သတိပေးနှိုးဆော်ချက် 

အဆိုပါ အပူပိုင်းမုန်တိုင်း‌ “နောင်ဖ” ၏ အရှိန်ကြောင့် ၃၁-၈-၂၀၂၅ ရက်နေ့မှ ၃-၉-၂၀၂၅ ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး‌၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာ အနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး‌၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးမည်။ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၁၀ ပေမှ ၁၂ ပေခန့်ရှိနိုင်ပါသည်။

အကြံပြုချက် 

            သို့ဖြစ်ပါ၍ အပူပိုင်းမုန်တိုင်း‌ “နောင်ဖ” ၏ အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်း တိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက် ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် အဆိုပါဒေသများရှိ ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြု ရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေး၊ လေကြောင်းပျံသန်းရေးနှင့် ဆည်မြောင်း တာတမံများအနေဖြင့် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ပါရန် သတိပေးနှိုးဆော် အပ်ပါသည်။