လေပွေလှိုင်းအခြေအနေသတင်း အမှတ်စဉ်(၀၉/၂၀၂၅)
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်နေ့ မြန်မာစံတော်ချိန် ၁၉:၀၀ နာရီအချိန် ထုတ်ပြန်ချက်
(က) လေပွေလှိုင်းအခြေအနေ
ယနေ့မြန်မာစံတော်ချိန် ၁၇:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံ၊ ကယားပြည်နယ် နယ်စပ်ဒေသများတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းဆဲလ် သည် အနောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် လေပွေလှိုင်းအဖြစ် အားလျော့သွားခဲ့ပါသည်။
(ခ) နောက် ၂၄ နာရီအတွင်းခန့်မှန်းချက်
အဆိုပါ လေပွေလှိုင်းသည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး နောက် ၂၄ နာရီအတွင်း ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ် နှင့် ချင်းပြည်နယ်တို့သို့ ဆက်လက် ရွေ့လျားနိုင်သည်ဟု ခန့်မှန်းရပါသည်။
(ဂ) သတိပေးနှိုးဆော်ချက်
အဆိုပါ လေပွေလှိုင်း၏ အရှိန်ကြောင့် ယနေ့ညမှ ၃-၉-၂၀၂၅ ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင် ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်း အမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၁၀ ပေမှ ၁၂ ပေခန့်ရှိနိုင်ပါသည်။
အကြံပြုချက်
သို့ဖြစ်ပါ၍ လေပွေလှိုင်း၏ အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်း တိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက် ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် အဆိုပါဒေသများရှိ ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များ အနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေး၊ လေကြောင်းပျံသန်းရေးနှင့် ဆည်မြောင်းတာတမံများအနေဖြင့် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ပါရန် သတိပေးနှိုးဆော်အပ်ပါသည်။


