တိုင်ဖွန်းမုန်တိုင်း “ရာဂါဆာ” အခြေအနေသတင်း အမှတ်စဉ်(၀၆/၂၀၂၅)
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့ မြန်မာစံတော်ချိန် ၁၆:၀၀ နာရီအချိန် ထုတ်ပြန်ချက်
(က) တိုင်ဖွန်းမုန်တိုင်း “ရာဂါဆာ” (RAGASA) အခြေအနေ
ယနေ့မြန်မာစံတော်ချိန် ၁၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ တောင်တရုတ် ပင်လယ်ပြင်တွင် ဖြစ်ပေါ်ခဲ့သော တိုင်ဖွန်းမုန်တိုင်း“ရာဂါဆာ”(RAGASA)သည် အနောက်- အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး တရုတ်နိုင်ငံ၊ ရှချွမ်ကျွန်း(Xiachuan Island) မှ ဖြတ်ကျော်ခဲ့ကာ တရုတ်နိုင်ငံ၊ ရန်ကျမ်းမြို့(Yangjiang)၏ အရှေ့- အရှေ့တောင်ဘက် ရေမိုင် ၃၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။
(ခ) တိုင်ဖွန်းမုန်တိုင်း “ရာဂါဆာ” ၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
အဆိုပါ တိုင်ဖွန်းမုန်တိုင်း“ရာဂါဆာ”သည် မြန်မာစံတော်ချိန် ၁၅:၃၀ နာရီအချိန်တွင် မြောက်လတ္တီကျု ၂၁.၇ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၁၁၂.၆ ဒီဂရီတွင်ရှိပြီး ဗဟိုချက် လေဖိအား ၉၅၀ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၁၀၀ နှုန်းခန့် ဖြစ်ပါသည်။
(ဂ) နောက် ၄၈ နာရီအတွင်းခန့်မှန်းချက်
အဆိုပါ တိုင်ဖွန်းမုန်တိုင်း“ရာဂါဆာ”သည် အနောက်ဘက်သို့ ရွေ့လျားနိုင်ပြီး နောက် ၆ နာရီအတွင်း တရုတ်နိုင်ငံတောင်ပိုင်း၊ ဂွမ်ဒေါင်းပြည်နယ်ကမ်းရိုးတန်းဒေသများကို စတင်ဖြတ်ကျော်နိုင်ပါသည်။ ထိုမှတစ်ဆင့် နောက် ၄၈ နာရီအတွင်း ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းဒေသများကို အပူပိုင်းမုန်တိုင်းအဖြစ်ဖြင့် ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရ ပါသည်။