မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၁၀/၂၀၂၆)
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့ မြန်မာစံတော်ချိန် ၁၂:၀၀ နာရီအချိန် ထုတ်ပြန်ချက်
(က) မုန်တိုင်းငယ်အခြေအနေ
(၁) ယနေ့မြန်မာစံတော်ချိန် ၁၀:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော မုန်တိုင်းငယ် (Deep Depression)သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး မုန်တိုင်းငယ်(Depression)အဖြစ်သို့ အားလျော့သွားခဲ့ကာ ဘင်္ဂလား ပင်လယ်အော်အနောက်တောင်ပိုင်း (သီရိလင်္ကာနိုင်ငံ၊ အရှေ့မြောက်ပိုင်းကမ်းလွန်) သို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါ မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ (Coco Island)၏ အနောက်တောင်ဘက် ရေမိုင် ၈၇၅ မိုင်ခန့်၊ သီရိလင်္ကာနိုင်ငံ၊ ထရီကိုမာလီမြို့(Trincomalee)၏ အရှေ့-အရှေ့မြောက်ဘက် ရေမိုင် ၃၀ မိုင်ခန့် နှင့် အိန္ဒိယနိုင်ငံ၊ ပူဒူချယ်ရီမြို့(Puducherry)၏ အရှေ့တောင်ဘက် ရေမိုင် ၂၄၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။
(၂) မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။
( ခ ) မုန်တိုင်းငယ်၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
အဆိုပါ မုန်တိုင်းငယ်သည် မြန်မာစံတော်ချိန် ၁၀:၃၀ နာရီအချိန်တွင် မြောက်လတ္တီကျု ၈.၈ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၈၁.၆ ဒီဂရီတွင်ရှိပြီး ဗဟိုချက်လေဖိအား ၁၀၀၆ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၃၀ နှုန်းခန့် ဖြစ်ပါ သည်။
( ဂ ) နောက် ၆ နာရီအတွင်းခန့်မှန်းချက်
အဆိုပါ မုန်တိုင်းငယ်သည် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင် ပြီး သီရိလင်္ကာနိုင်ငံမြောက်ပိုင်းကမ်းခြေကို ထရီကိုမာလီမြို့ (Trincomalee) နှင့် ဂျက်ဖ်နာမြို့ (Jaffna) တို့အကြားမှ ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။


