အားကောင်းသောလေဖိအားနည်းရပ်ဝန်းအခြေအနေ
အားကောင်းသောလေဖိအားနည်းရပ်ဝန်းအခြေအနေ
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၆:၀၀ နာရီအချိန်ထုတ်ပြန်ချက်
၁။ (က) အားကောင်းသောလေဖိအားနည်းရပ်ဝန်းအခြေအနေ
ယနေ့မြန်မာစံတော်ချိန် ၁၅:၃၀ နာရီအချိန် ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတို့တွင် ဖြစ်ပေါ် နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area)သည် ဆက်လက်တည်ရှိနေပါသည်။
( ခ ) နောက် ၄၈ နာရီအတွင်းခန့်မှန်းချက်
အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် အနောက် - အနောက်မြောက်ဘက် သို့ ရွေ့လျားနိုင်ပြီး နောက် ၂၄ နာရီအတွင်း ပိုမိုအားကောင်းလာကာ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတွင် မုန်တိုင်းငယ် (Depression)အဖြစ်သို့လည်းကောင်း၊ နောက် ၄၈ နာရီအတွင်း ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက် ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတို့တွင် အားကောင်းသောမုန်တိုင်းငယ် (Deep Depression) အဖြစ်သို့လည်းကောင်း ရောက်ရှိနိုင်ပြီး အနောက် - အနောက် မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ကာ အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်း ကမ်းခြေ - ဩရိဿပြည်နယ်တောင်ပိုင်းတို့သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။
သတိပေးနှိုးဆော်ချက်
၂။ (က) အားကောင်းသောလေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် ယနေ့ညနေမှ ၂၅-၉-၂၀၂၆ ရက်နေ့အတွင်း စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာကျဲကျဲနှင့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန် ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။
(ခ) မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင် လေသည် တစ်နာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၉ ပေမှ ၁၂ ပေခန့် ရှိနိုင်ပါသည်။
အကြံပြုချက်
၃။ သို့ဖြစ်ပါ၍ အားကောင်းသောလေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းခြင်း နှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင် ပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုရှောင်ရှား နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။














