မုန်တိုင်းငယ်သတိပေးချက် အမှတ်စဉ်(၀၁/၂၀၂၆)

                                                               မုန်တိုင်းငယ်သတိပေးချက် အမှတ်စဉ်(၀၁/၂၀၂၆)

                                         ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့ မြန်မာစံတော်ချိန် ၁၃:၀၀ နာရီအချိန် ထုတ်ပြန်ချက်

 

(­­­က)    မုန်တိုင်းငယ်အခြေအနေ

(၁)     ယနေ့မြန်မာစံတော်ချိန်၁၂:၃၀ နာရီအချိန် တိုင်းထွာချက်များအရကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော မြန်မာနိုင်ငံ၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတို့တွင်ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအား နည်းရပ်ဝန်း (Well Marked Low Pressure Area) သည်မြောက်-အနောက် မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်(Depression) အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါ မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ၊ မော်လမြိုင်မြို့ (Mawlamyine) ၏ တောင်ဘက် ရေမိုင် ၅၀ မိုင်ခန့်၊ သုံးခွမြို့ (Thongwa) ၏ အရှေ့တောင်ဘက် ရေမိုင် ၉၅ မိုင်ခန့်၊ ပဲခူးမြို့ (Bago)၏ တောင်- အရှေ့တောင်ဘက် ရေမိုင် ၁၂၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ 

 (၂)     မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံ၊ မုတ္တမကွေ့အနီးမှ  ဖြတ်ကျော် နိုင်ပါသဖြင့် အနီရောင်အဆင့်ဟု သတ်မှတ်ပါသည်။

( ခ )   မုန်တိုင်းငယ်၏တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

အဆိုပါမုန်တိုင်းငယ်သည် မြန်မာစံတော်ချိန် ၁၂:၃၀ နာရီအချိန်တွင်မြောက်လတ္တီကျု ၁၅.၆ ဒီဂရီနှင့်အရှေ့လောင်ဂျီကျု ၉၇.၆ ဒီဂရီတွင်ရှိပြီးဗဟိုချက်လေဖိအား ၁၀၀၂ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာတစ်နာရီလျှင် ၃၅ မိုင်နှုန်းခန့် ဖြစ်ပါသည်။

 ( ဂ )   နောက် ၄၈ နာရီအတွင်းခန့်မှန်းချက်

အဆိုပါမုန်တိုင်းငယ်သည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး နောက် ၁၂ နာရီအတွင်း အားကောင်းသောမုန်တိုင်းငယ် (Deep Depression) အဖြစ်ပိုမို အားကောင်းလာကာ ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နှင့် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ တို့အကြားမှ ဖြတ်ကျော်နိုင်ပါသည်။ ထိုမှတစ်ဆင့် နောက် ၃၆ နာရီအတွင်း မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့ကို ဆက်လက်ဖြတ်‌ကျော်နိုင်သည်ဟု ခန့်မှန်း ရပါသည်။ 

သတိပေးနှိုးဆော်ချက်

          အဆိုပါ မုန်တိုင်းငယ်၏အရှိန်ကြောင့်ယနေ့မွန်းလွဲမှ ၃၀-၉-၂၀၂၆ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင် ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုး တန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင်ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီးလှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်မှ မိုင်၄၀ အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင်၁၀ ပေမှ ၁၂ ပေခန့်ရှိနိုင်ပါသည်။ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင်တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီးလှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၂၅ မိုင်မှ မိုင်၃၀ အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင် တို့တွင် ၈ ပေ မှ၁၀ ပေခန့်ရှိနိုင်ပါသည်။ 

အကြံပြုချက်

          သို့ဖြစ်ပါ၍ မုန်တိုင်းငယ်၏အရှိန်ကြောင့်မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်း၊ရုတ်တရက်ရေကြီးခြင်းနှင့်မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် မြစ်ဝကျွန်း ပေါ်ဒေသနှင့် မုတ္တမကွေ့၊ ကမ်းရိုးတန်းဒေသများတွင် နေထိုင်ကြသည့် ပြည်သူများအနေဖြင့် မိုးသည်းထန်စွာရွာသွန်းခြင်း၊မိုးသက်လေပြင်းတိုက်ခတ်ခြင်း၊ရုတ်တရက် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြု နိုင်ပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင် တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောများအနေဖြင့်လည်းကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်အသိပေးနှိုးဆော်ထားပါကြောင်းအစီရင်ခံတင်ပြအပ်ပါသည်။