အားကောင်းသောမုန်တိုင်းငယ်သတိပေးချက် အမှတ်စဉ်(၀၂/၂၀၂၆)

                                        အားကောင်းသောမုန်တိုင်းငယ်သတိပေးချက် အမှတ်စဉ်(၀၂/၂၀၂၆)

                              ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့ မြန်မာစံတော်ချိန် ၁၆:၀၀ နာရီအချိန် ထုတ်ပြန်ချက်

 

(­­­က)    အားကောင်းသောမုန်တိုင်းငယ်အခြေအနေ

(၁)     ယနေ့မြန်မာစံတော်ချိန်၁၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရကပ္ပလီ ပင်လယ်ပြင်မြောက်ပိုင်းနှင့်ယင်းနှင့်ဆက်စပ်လျက်ရှိသောမြန်မာနိုင်ငံ၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတို့တွင်ဖြစ်ပေါ်နေသော မုန်တိုင်းငယ်(Depression)သည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ပိုမိုအားကောင်းလာကာ အားကောင်းသောမုန်တိုင်းငယ်(Deep Depression) အဖြစ်သို့ရောက်ရှိခဲ့ပါသည်။ အဆိုပါ အားကောင်းသောမုန်တိုင်းငယ်သည်မြန်မာနိုင်ငံ၊ မော်လမြိုင်မြို့ (Mawlamyine)၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ၂၀ မိုင်ခန့်၊ သုံးခွမြို့ (Thongwa)၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၅၀ မိုင်ခန့်၊ ပဲခူးမြို့ (Bago) ၏ အရှေ့တောင်ဘက် ရေမိုင် ၇၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ 

 (၂)     အားကောင်းသောမုန်တိုင်းငယ်၏လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံ၊ မုတ္တမကွေ့ အနီးမှ  ဖြတ်ကျော်နိုင်ပါသဖြင့် အနီရောင်အဆင့်ဟု သတ်မှတ်ပါသည်။

( ခ )   အားကောင်းသောမုန်တိုင်းငယ်၏တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

အဆိုပါ အားကောင်းသောမုန်တိုင်းငယ်သည်မြန်မာစံတော်ချိန် ၁၅:၃၀ နာရီအချိန်တွင် မြောက်လတ္တီကျု ၁၆.၄ ဒီဂရီနှင့်အရှေ့လောင်ဂျီကျု ၉၇.၃ ဒီဂရီတွင်ရှိပြီးဗဟိုချက် လေဖိအား ၁၀၀၀ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာတစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ နှုန်းခန့် ဖြစ်ပါသည်။

 ( ဂ )   နောက် ၄၈ နာရီအတွင်းခန့်မှန်းချက်

အဆိုပါအားကောင်းသောမုန်တိုင်းငယ်သည်မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျား နိုင်ပြီး နောက် ၆ နာရီအတွင်း ရန်ကုန်တိုင်းဒေသကြီး၊သုံးခွမြို့နှင့် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ တို့အကြားမှ ဖြတ်ကျော်နိုင်ပါသည်။ ထိုမှတစ်ဆင့် နောက် ၃၆ နာရီအတွင်းမြောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့ကို ဆက်လက်ဖြတ်‌ကျော်နိုင်သည်ဟု ခန့်မှန်း ရပါသည်။ 

သတိပေးနှိုးဆော်ချက်

          အဆိုပါ အားကောင်းသောမုန်တိုင်းငယ်၏အရှိန်ကြောင့်ယနေ့ညနေမှ ၃၀-၉-၂၀၂၆ရက်နေ့ အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင်ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်မှ မိုင်၄၀ အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင်၁၀ ပေမှ ၁၂ ပေခန့်ရှိနိုင်ပါသည်။ ရခိုင် ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင်တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီးလှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၂၅ မိုင်မှ မိုင်၃၀ အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန် ပင်လယ်ပြင်တို့တွင် ၈ ပေ မှ၁၀ ပေခန့်ရှိနိုင်ပါသည်။ 

အကြံပြုချက်

          သို့ဖြစ်ပါ၍ အားကောင်းသောမုန်တိုင်းငယ်၏အရှိန်ကြောင့်မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် မြစ်ဝကျွန်းပေါ်ဒေသနှင့် မုတ္တမကွေ့၊ ကမ်းရိုးတန်းဒေသများတွင် နေထိုင်ကြသည့် ပြည်သူများအနေဖြင့် မိုးသည်းထန်စွာရွာသွန်းခြင်း၊မိုးသက်လေပြင်းတိုက်ခတ်ခြင်း၊ရုတ်တရက် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ပါရန်နှင့်ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောများ အနေဖြင့်လည်း ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်အသိပေးနှိုးဆော်ထားပါကြောင်းအစီရင်ခံတင်ပြ အပ်ပါသည်။