ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၁၀/၂၀၂၆)

ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၁၀/၂၀၂၆)

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့ မြန်မာစံတော်ချိန် ၀၇:၀၀ နာရီအချိန် ထုတ်ပြန်ချက်

၁။        (­­­က)    ဆိုင်ကလုန်းမုန်တိုင်း “အက်ဗန်”(AKVAN) အခြေအနေ

(၁)     ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) “အက်ဗန်” သည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) “အက်ဗန်” အဖြစ်သို့အားလျော့သွားခဲ့ကာ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ (Coco Island)  ၏ အနောက်-အနောက်မြောက်ဘက် ရေမိုင် ၅၃၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ဗီဆာကာပတ္တနမ်မြို့ (Visakhapatnam)၏ အရှေ့ဘက် ရေမိုင် ၉၀ မိုင်ခန့်နှင့် ပူရီမြို့ (Puri)၏ တောင်-အနောက်တောင်ဘက် ရေမိုင် ၁၃၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

 (၂)     ဆိုင်ကလုန်းမုန်တိုင်း “အက်ဗန်”၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ် ပါသည်။

( ခ )    ဆိုင်ကလုန်းမုန်တိုင်း“အက်ဗန်”၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “အက်ဗန်” သည် မြန်မာစံတော်ချိန် ၀၅:၃၀ နာရီ အချိန်တွင် မြောက်လတ္တီကျု ၁၇.၇ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၈၄.၉ ဒီဂရီတွင်ရှိပြီး ဗဟိုချက်လေဖိအား ၁၀၀၁ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၅၀ နှုန်းခန့် ဖြစ်ပါသည်။

( ဂ )   နောက် ၁၂ နာရီအတွင်း ခန့်မှန်းချက်

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “အက်ဗန်” သည် မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး နောက် ၁၂ နာရီအတွင်း အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ် မြောက်ပိုင်းနှင့် ဩရိဿပြည်နယ်တောင်ပိုင်းကမ်းခြေတို့ကို ဂိုလ်ပါပူမြို့အနီးမှ ဖြတ်ကျော် နိုင်သည်ဟု ခန့်မှန်းရပါသည်။

၂။       အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “အက်ဗန်”၏ အရှိန်ကြောင့် ယနေ့နံနက်မှ ၂၁-၁၁-၂၀၂၆ ရက်နေ့အတွင်း နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်း ရွာမည်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက် လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၂၅ မိုင်မှ မိုင် ၃၀ အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၇ ပေမှ ၉ ပေခန့်ရှိနိုင်ပါသည်။

၃။     သို့ဖြစ်ပါ၍ ဆိုင်ကလုန်းမုန်တိုင်း “အက်ဗန်”၏ အရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ် နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင် ပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။