DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၁၆-၆-၂၀၂၄: ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအသင့်အတင့် ရှိနေပါသည်။

အားကောင်းသောမုန်တိုင်းငယ်(Deep Depression)သတင်းအမှတ်စဉ်(၁၄/၂၀၂၁)

အားကောင်းသောမုန်တိုင်းငယ်(Deep Depression)သတင်းအမှတ်စဉ်(၁၄/၂၀၂၁)

 (၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ(၅)ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

                                                                            

(က)    အားကောင်းသောမုန်တိုင်းငယ်(Deep Depression)အခြေအနေ                                                              

(၁)     ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသောမုန်တိုင်းငယ်(Deep Depression)သည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနှင့်ယင်းနှင့် ဆက်စပ် လျက်ရှိသောဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းသို့ ရောက်ရှိခဲ့ကာ၊မြန်မာနိုင်ငံ၊ ကိုကိုးကျွန်း(Coco Island)မြို့၏ အနောက်-အနောက်မြောက် ဘက် ရေမိုင်(၅၂၅)မိုင်ခန့်၊ ပုသိမ်မြို့(Pathein)မြို့၏ အနောက်-အနောက် မြောက်ဘက် ရေမိုင်(၅၃၀)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ဗီဆာကာပတ္တနမ်မြို့(Vishakhapatnam)၏ အရှေ့-အရှေ့မြောက်ဘက် ရေမိုင်(၁၅၅)မိုင်ခန့်၊ ဂိုလ်ပါပူ(Gopalpur)မြို့၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင်(၅၅)မိုင်ခန့်၊ ပူရီ(Puri)မြို့၏တောင် -အနောက်တောင်ဘက်ရေမိုင် (၆၀)မိုင်ခန့်နှင့် ပါရာဒစ်ရှ်(Paradip)မြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၁၀၅)မိုင်ခန့် အကွာပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

 

(၂)      အားကောင်းသောမုန်တိုင်းငယ်(Deep Depression)၏ လက်ရှိအခြေအနေ မှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။

(ခ)     အားကောင်းသောမုန်တိုင်းငယ်(Deep Depression)၏တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

အဆိုပါ အားကောင်းသောမုန်တိုင်းငယ်(Deep Depression)သည်မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု(၁၈.၈)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု(၈၅.၇)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၁၀၀၄)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)နှုန်းခန့် ဖြစ်ပါသည်။

(ဂ)     နောက်(၃၆)နာရီအတွင်းခန့်မှန်းချက်

အဆိုပါ အားကောင်းသောမုန်တိုင်းငယ်(Deep Depression)သည်မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားပြီး၊ နောက်(၆)နာရီအတွင်းမုန်တိုင်းငယ်(Depression)အဖြစ်သို့ အားလျော့သွားနိုင်ပါသည်။ ထို့နောက် နောက်(၉)နာရီအတွင်းအိန္ဒိယနိုင်ငံ၊ ဩရိဿကမ်းခြေ၊ ပူရီမြို့အနီးသို့ရောက်ရှိပြီးမြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ (၆.၁၂.၂၀၂၁)ရက်နေ့တွင် လေဖိအားနည်းရပ်ဝန်းအဖြစ် အားလျော့ပြီး၊ အိန္ဒိယနိုင်ငံ၊ ဩရိဿကမ်းခြေနှင့်အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေသို့ ရောက်ရှိမည်ဟုခန့်မှန်းရပါသည်။

(ဃ)    သတိပေးနှိုးဆော်ချက် 

အဆိုပါ အားကောင်းသောမုန်တိုင်းငယ်(Deep Depression)၏ အရှိန်ကြောင့် နောက်(၇၂)နာရီအတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး မြစ်ဝကျွန်းပေါ်၊  ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံမိုးသက်လေပြင်းများကျရောက်ပြီးလှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်အထိတိုက်ခတ်နိုင်ပါသည်။လှိုင်းအမြင့်မှာမြစ်ဝကျွန်းပေါ်၊  ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၇) ပေမှ (၉)ပေခန့် ရှိနိုင်ပါသည်။              

(င)     အကြံပြုချက်

 

သို့ဖြစ်ပါ၍ အားကောင်းသောမုန်တိုင်းငယ်(Deep Depression)၏အရှိန်ကြောင့်မြစ်ဝကျွန်းပေါ်၊  ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် လေပြင်းတိုက်ခတ်ခြင်းများဖြစ်ပေါ်နိုင်ပါသဖြင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောများအနေဖြင့်လည်းကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။