အားကောင်းသောမုန်တိုင်းငယ်သတိပေးချက် အမှတ်စဉ်(၀၃/၂၀၂၆)
အားကောင်းသောမုန်တိုင်းငယ်သတိပေးချက် အမှတ်စဉ်(၀၃/၂၀၂၆)
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့ မြန်မာစံတော်ချိန် ၁၉:၀၀ နာရီအချိန် ထုတ်ပြန်ချက်
(က) အားကောင်းသောမုန်တိုင်းငယ်အခြေအနေ
(၁) ယနေ့မြန်မာစံတော်ချိန်၁၈:၃၀ နာရီအချိန် တိုင်းထွာချက်များအရကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော မြန်မာနိုင်ငံ၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတို့တွင်ဖြစ်ပေါ်နေသော အားကောင်းသောမုန်တိုင်းငယ် (Deep Depression) သည်မြောက်-အနောက်မြောက်ဘက်သို့ရွေ့လျားခဲ့ပြီးမြန်မာ နိုင်ငံ၊ စစ်တောင်းမြစ်ဝအနီး မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၏ တောင်ဘက်မှ စတင် ဖြတ်ကျော်လျက်ရှိပါသည်။ အဆိုပါ အားကောင်းသောမုန်တိုင်းငယ်သည်မြန်မာ နိုင်ငံ၊ သုံးခွမြို့(Thongwa)၏ အရှေ့-အရှေ့မြောက်ဘက်ရေမိုင် ၃၅ မိုင်ခန့်၊ ပဲခူးမြို့ (Bago)၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၃၅ မိုင်ခန့်နှင့် ဖြူးမြို့ (Phyu)၏ တောင်-အရှေ့တောင်ဘက် ရေမိုင် ၉၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကိုဗဟိုပြုနေ ပါသည်။
(၂) အားကောင်းသောမုန်တိုင်းငယ်၏လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံ၊ စစ်တောင်း မြစ်ဝအနီး မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၏ တောင်ဘက်မှ စတင်ဖြတ်ကျော်နေ ပါသဖြင့် အညိုရောင်အဆင့်ဟု သတ်မှတ်ပါသည်။
( ခ ) အားကောင်းသောမုန်တိုင်းငယ်၏တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
အဆိုပါ အားကောင်းသောမုန်တိုင်းငယ်သည်မြန်မာစံတော်ချိန် ၁၈:၃၀ နာရီအချိန်တွင် မြောက်လတ္တီကျု ၁၇.၁ ဒီဂရီနှင့်အရှေ့လောင်ဂျီကျု ၉၇.၀ ဒီဂရီတွင်ရှိပြီးဗဟိုချက် လေဖိအား ၁၀၀၀ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာတစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ နှုန်းခန့် ဖြစ်ပါသည်။
( ဂ ) နောက် ၄၈ နာရီအတွင်းခန့်မှန်းချက်
အဆိုပါအားကောင်းသောမုန်တိုင်းငယ်သည်မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျား နိုင်ပြီး နောက် ၄၈ နာရီအတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ နေပြည်တော်၊ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့ကိုဆက်လက်ဖြတ်ကျော်နိုင်သည်ဟုခန့်မှန်းရပါသည်။
သတိပေးနှိုးဆော်ချက်
အဆိုပါ အားကောင်းသောမုန်တိုင်းငယ်၏အရှိန်ကြောင့်ယနေ့ညမှ ၃၀-၉-၂၀၂၆ရက်နေ့ အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင်ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်မှ မိုင်၄၀ အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင်၁၀ ပေမှ ၁၂ ပေခန့်ရှိနိုင်ပါသည်။ ရခိုင် ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင်တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီးလှိုင်းကြီးနိုင်ပါသည်။မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ အထိ တိုက်ခတ်နိုင်ပါသည်။လှိုင်းအမြင့်မှာ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန် ပင်လယ်ပြင်တို့တွင် ၉ ပေ မှ၁၁ ပေခန့်ရှိနိုင်ပါသည်။
အကြံပြုချက်
သို့ဖြစ်ပါ၍ အားကောင်းသောမုန်တိုင်းငယ်၏အရှိန်ကြောင့်မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် မြစ်ဝကျွန်းပေါ်ဒေသနှင့် မုတ္တမကွေ့၊ ကမ်းရိုးတန်းဒေသများတွင် နေထိုင်ကြသည့် ပြည်သူများအနေဖြင့် မိုးသည်းထန်စွာရွာသွန်းခြင်း၊မိုးသက်လေပြင်းတိုက်ခတ်ခြင်း၊ရုတ်တရက် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ပါရန်နှင့်ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများ အနေဖြင့်လည်း ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်အသိပေးနှိုးဆော်အပ်ပါသည်။
















