မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၅/၂၀၂၆)
မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၅/၂၀၂၆)
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့ မြန်မာစံတော်ချိန် ၀၇:၀၀ နာရီအချိန် ထုတ်ပြန်ချက်
(က) မုန်တိုင်းငယ်အခြေအနေ
ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ၊ အနောက် ဘင်္ဂလားပြည်နယ်ကမ်းခြေကို ဟယ်လ်ဒီယာ(Haldia)မြို့အနီးမှ ဖြတ်ကျော်လျက် ရှိသော အားကောင်းသောမုန်တိုင်းငယ် (Deep Depression) သည် အနောက်တောင် ဘက်သို့ ရွေ့လျားခဲ့ပြီး မုန်တိုင်းငယ် (Depression) အဖြစ်သို့ အားလျော့သွားခဲ့ကာ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေ ဟယ်လ်ဒီယာ (Haldia)မြို့၏ အနောက် တောင်ဘက်တွင် ဆက်လက်တည်ရှိနေပါသည်။
(ခ) နောက် ၁၂ နာရီအတွင်းခန့်မှန်းချက်
အဆိုပါ မုန်တိုင်းငယ်သည် အနောက် - အနောက်မြောက်ဘက်သို့ရွေ့လျားနိုင်ပြီး အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်၊ ဟယ်လ်ဒီယာ(Haldia)မြို့၏ အနောက်ဘက်နှင့် ဩရိဿပြည်နယ်မြောက်ပိုင်း၊ ဒစ်ဂါမြို့(Digha)၏ အရှေ့ဘက် ကမ်းခြေဒေသတို့အကြားမှ ဆက်လက်ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။ မုန်တိုင်းငယ်၏ အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင် ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ၉ ပေမှ ၁၁ ပေခန့် ရှိနိုင်ပါသည်။
အကြံပြုချက်
သို့ဖြစ်ပါ၍ မုန်တိုင်းငယ်၏အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်း တိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင် ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင် သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။













