မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၂/၂၀၂၆)
မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၂/၂၀၂၆)
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၂:၀၀ နာရီအချိန် ထုတ်ပြန်ချက်
(က) မုန်တိုင်းငယ်အခြေအနေ
(၁) ယနေ့မြန်မာစံတော်ချိန် ၁၀:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလား ပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression) သည် တောင်-အရှေ့တောင်ဘက်သို့ ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့(Coco Island) ၏ အနောက်-အနောက်မြောက်ဘက် ရေမိုင် ၁၄၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ဗီဆာကာပတ္တနမ်မြို့ (Visakhapatnam)၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၄၈၀ မိုင်ခန့်နှင့် ကာကီနာဒါမြို့(Kakinada)၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၅၃၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြု နေပါသည်။
(၂) မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။
( ခ ) မုန်တိုင်းငယ်၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
အဆိုပါ မုန်တိုင်းငယ်သည် မြန်မာစံတော်ချိန် ၁၀:၃၀ နာရီအချိန်တွင် မြောက်လတ္တီကျု ၁၅.၁ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၉၁.၂ ဒီဂရီတွင်ရှိပြီး ဗဟိုချက်လေဖိအား ၁၀၀၃ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၃၀ နှုန်းခန့် ဖြစ်ပါသည်။
( ဂ ) နောက် ၉၆ နာရီအတွင်းခန့်မှန်းချက်
အဆိုပါ မုန်တိုင်းငယ်သည် ကနဦးတွင် တောင်ဘက်ယွန်းယွန်းသို့ ရွေ့လျားနိုင်ပြီး နောက် ၁၂ နာရီအတွင်း အားကောင်းသောမုန်တိုင်းငယ်အဖြစ်သို့လည်းကောင်း၊ ထိုမှ တစ်ဆင့် အနောက်-အနောက်မြောက်ဘက်သို့ ပြန်ကွေ့ကာ ၂၆-၁၀-၂၀၂၆ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းသို့ ရောက်ရှိနိုင်ပြီး ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ လည်းကောင်း၊ ၂၇-၁၀-၂၀၂၆ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတွင် အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့လည်းကောင်း၊ ၂၈-၁၀-၂၀၂၆ ရက်နေ့ နံနက်ပိုင်း တွင် အနောက်မြောက်ဘက်သို့ရွေ့လျားနိုင်ပြီး ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်း-အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်ကမ်းခြေအနီးတို့တွင် အားအလွန်ကောင်းသောဆိုင်ကလုန်း မုန်တိုင်းအဖြစ်သို့လည်းကောင်း ရောက်ရှိနိုင်ကာ ၂၈-၁၀-၂၀၂၆ ရက်နေ့ နေ့လယ်ပိုင်းတွင် အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်နှင့် ရနမ်ကမ်းခြေတို့ကို ဘပတ်လမြို့နှင့် ဗီဆာကာပတ္တနမ် မြို့တို့အကြားမှ ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။
သတိပေးနှိုးဆော်ချက်
(က) မုန်တိုင်းငယ်၏အရှိန်ကြောင့် ယနေ့နေ့လယ်မှ ၂၉-၁၀-၂၀၂၆ ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာပြီး အချို့ဒေသများ တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။
(ခ) မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် ၈ ပေမှ ၁၀ ပေခန့်ရှိနိုင်ပါသည်။
အကြံပြုချက်
သို့ဖြစ်ပါ၍ မုန်တိုင်းငယ်၏အရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်း တိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ် နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင် ပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုရှောင်ရှား နိုင်ပါရန် အသိပေးနှိုးဆော်ထားပါသည်။















