
၂၄-၁၁-၂၀၂၅: ယနေ့မြန်မာစံတော်ချိန် ၁၀:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော မလက္ကာရေလက်ကြားအနီးတွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area) သည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး ပိုမိုအားကောင်းလာကာ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတို့၌ မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

