|
မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနသည် ဌာနတွင်းဝန်ထမ်းများ ဘာသာရပ်ဆိုင်ရာ နားလည်တတ်ကျွမ်းစေရန်နှင့် လုပ်ငန်းကျွမ်းကျင်မှုရှိစေရေးအတွက် မိုးလေဝသ၊ ဇလဗေဒ၊ မြေငလျင် စသည့် ဌာန၏ လုပ်ငန်းများနှင့်သက်ဆိုင်သည့် ဘာသာရပ်ရပ်ဆိုင်ရာ သင်တန်းများကို နှစ်စဉ် ဖွင့်လှစ်ပို့ချပေးလျက်ရှိပါသည်။ ထိုသို့ ပို့ချပေးရာတွင် မိုးလေဝသဘာသာရပ်အတွက် မိုးလေဝသအဆင့်(၁)၊ အဆင့်(၂)၊ အဆင့်(၃)၊ အဆင့်(၄) သင်တန်းများကိုလည်းကောင်း၊ ဇလဗေဒ ဘာသာရပ်အတွက် ဇလဗေဒအဆင့်(၁)၊ အဆင့်(၂)၊ အဆင့်(၃)၊ အဆင့်(၄) သင်တန်းများကို လည်းကောင်း၊ မြေငလျင်ဘာသာရပ်အတွက် မြေငလျင်လုပ်ငန်းခွင်သင်တန်းများကိုလည်းကောင်း ဖွင့်လှစ် ပို့ချပေးပါသည်။ ၁၉၉၃-၉၄ ပညာသင်နှစ်မှစတင်၍ ရန်ကုန်တက္ကသိုလ် ရူပဗေဒဌာနနှင့် သင်္ချာဌာနတို့နှင့် ပူးပေါင်းညှိနှိုင်းလျက် သိပ္ပံဘွဲ့(ဂုဏ်ထူးတန်း) မိုးလေဝသ နှင့် သိပ္ပံဘွဲ့(ဂုဏ်ထူးတန်း) ဇလဗေဒ သင်တန်းများကို ဌာနတွင် ဖွင့်လှစ်သင်ကြားပို့ချပေးခဲ့ပါသည်။ ထိုသို့ဖွင့်လှစ် ပို့ချပေးခြင်းဖြင့် မိုးလေဝသနှင့်ဇလဗေဒ ပညာရပ်ဆိုင်ရာ မျိုးဆက်သစ်များကို မွေးထုတ်နိုင်ခဲ့ရာ ဌာနအတွက် များစွာအကျိုးဖြစ်ထွန်းစေပြီး လုပ်ငန်းများ ပိုမိုတိုးတက်စေခဲ့ပါသည်။ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနသည် ဌာနတွင်းသင်တန်းများ ဖွင့်လှစ်ပို့ချ ပေးသည့် နည်းတူ ပြင်ပဌာနများဖြစ်သော အောက်ဖော်ပြပါ ဌာန/သင်တန်းများတွင် ဘာသာရပ်ဆိုင်ရာ ပို့ချ ပေးခြင်းများကိုလည်း ဆောင်ရွက်ပေးပါသည် -
|
၂၅-၁၀-၂၀၂၅: ယနေ့မြန်မာစံတော်ချိန် ၁၁:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area) သည် အနောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါ မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ (Coco Island) ၏ အနောက်တောင်ဘက် ရေမိုင် ၃၃၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့ (Chennai) ၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၅၃၀ မိုင်ခန့်၊ ကာကီနာဒါမြို့ (Kakinada) ၏ အရှေ့တောင်ဘက် ရေမိုင် ၅၄၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ မုန်တိုင်းငယ်သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး ၂၆-၁၀-၂၀၂၅ ရက်နေ့၌ အားကောင်းသော မုန်တိုင်းငယ် (Deep Depression) အဖြစ်သို့လည်းကောင်း၊ ၂၇-၁၀-၂၀၂၅ ရက်နေ့၌ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတို့တွင် ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) အဖြစ်သို့လည်းကောင်း ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။ ဘင်္ဂလား ပင်လယ်အော်မြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေကာ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်ထူထပ်နေပါသည်။

