DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

(၁၉-၀၃-၂၀၂၄): ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

မိုးလေဝသဌာနခွဲ

နိဒါန်း

၁။ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာ၏ မိုးလေဝသဌာနခွဲသည် မိုးလေဝသဆိုင်ရာခန့်မှန်းချက်များ၊ သတိပေးချက်များကို ကြိုတင်ပြီး အချိန်မီထုတ်ပြန်ပေး၍ ပြည်သူလူထုတစ်ရပ်လုံး၊ နိုင်ငံတော်အဖွဲ့အစည်းများနှင့် လုပ်ငန်းများအတွက် မိုးလေဝသဆိုင်ရာ သဘာဝဘေးအန္တရာယ်များမှ ကာကွယ်ပေးလျက်ရှိပါသည်။ နိုင်ငံတော်၏ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယ်ယူပို့ဆောင်ရေး၊ ကာကွယ်ရေး၊ စွမ်းအင်ထုတ်လုပ်ရေး၊ တည်ဆောက်ရေး၊ စက်မှု လုပ်ငန်းစသည့် ကဏ္ဍအသီးသီး၏ စီမံကိန်းများနှင့် နေ့စဉ်လည်ပတ်မှု လုပ်ငန်းများအတွက် လိုအပ်သော မှတ်တမ်းများ၊ ခန့်မှန်းချက်များ၊ စူးစမ်းလေ့လာချက်များ အကြံပြုချက်များနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိပါသည်။

မိုးလေဝသဌာနခွဲ၏လုပ်ငန်းဆောင်ရွက်ချက်များ

၂။ မိုးလေဝသနှင့်ဇလ‌ဗေဒညွှန်ကြားမှုဦးစီးဌာန၏ မိုးလေဝသဌာနခွဲ လက်အောက်တွင် ခန့်မှန်းရေးဌာနခွဲ၊ မှတ်တမ်းဌာနခွဲ၊ ပိဋကတ်နှင့် ရက်တို၊ ရက်ရှည်ဌာနခွဲ၊ ရာသီဥတုဌာနခွဲတို့ကို ဖွဲ့စည်းထားရှိလျက် လုပ်ငန်းများကို ဆောင်ရွက်ပါသည်။

၃။ ခန့်မှန်းရေးဌာနခွဲသည် မိုးလေဝသအချက်အလက်တိုင်းထွာရေးစခန်းများမှ ပေးပို့သော မှတ်တမ်းအချက်အလက်များကို လက်ခံရယူခြင်း၊ ရရှိလာသော အချက်အလက်များကို သေချာစွာ စိစစ်ခြင်း၊ မိုးလေဝသမြေပုံများပေါ်တွင် ထည့်သွင်းရေးဆွဲခြင်း၊ ဂြိုဟ်တုတိမ်ပုံများကို ဆန်းစစ်လေ့လာခြင်း၊ နိုင်ငံတကာအမျိုးသားမိုးလေဝသဌာနများမှ လွှင့်တင်ထားသော Web site များမှ အချက်အလက်၊ တိမ်ပုံများကို ဆန်းစစ်လေ့လာခြင်း၊ Global Telecommunication System (GTS) ဆက်သွယ်ရေး လမ်းကြောင်းမှ ပေးပို့သော အိမ်နီးချင်းနိုင်ငံများ၏ မိုးလေဝသ အချက်အလက်များကို လက်ခံရယူ၍ ဆန်းစစ်လေ့လာခြင်းများကို ဆောင်ရွက်ရပါသည်၊ ထိုသို့ ရရှိလာသော မိုးလေဝသအချက်အလက်များကို လက်ရှိမိုးလေဝသအခြေအနေများနှင့် ယှဉ်တွဲလေ့လာလျှက် ခန့်မှန်းချက်/သတိပေးချက်များ ထုတ်ပြန်နိုင်ရေးကို ဆောင်ရွက်ပါသည်။ နေ့စဉ် မိုးလေဝသနှင့်ဇလဗေဒခန့်မှန်းချက်များ ထုတ်ပြန်ရာတွင် နေ့စဉ်နံနက်ပိုင်းတွင် ခန့်မှန်းချက် ထုတ်ပြန်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး(Discussion)ကို ပုံမှန် ကျင်းပပြုလုပ်ပါသည်။ အဆိုပါ ညှိနှိုင်းအစည်းအဝေးတွင် တာဝန်ကျ ခန့်မှန်းရေးမှူးများမှ ရရှိလာသော အချက်အလက်များအရ မိမိတို့ လေ့လာသုံးသပ်တွေ့ရှိချက်များနှင့် ခန့်မှန်းချက်များကို ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနခွဲ တာဝန်ခံများအား ဦးစွာရှင်းလင်းတင်ပြကြရပါသည်။ တင်ပြချက်များအပေါ် ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနခွဲတာဝန်ခံများမှ လိုအပ်သည်များ ဖြည့်စွက်ပြင်ဆင်ပေးခြင်းတို့ကို ပြုလုပ်ပေးပါသည်။ ထုတ်ပြန်သည့် ခန့်မှန်းချက်/သတိပေးချက်များကို ဝန်ကြီးဌာန/ သက်ဆိုင်ရာဌာနများ /မြန်မာ့အသံနှင့် ရုပ်မြင်သံကြား တို့သို့ အချိန်မီပေးပို့ခြင်းများ ဆောင်ရွက်ရပါသည်။

၄။ မှတ်တမ်းဌာနခွဲသည် မိုးလေဝသနှင့်ဇလ‌ဗေဒညွှန်ကြားမှုဦးစီးဌာန လက်အောက်ရှိ တိုင်းထွာရေးစခန်းများမှ တိုင်းတာရရှိသည့် မှတ်တမ်း အချက်အလက်များကို စိစစ်၍ ကွန်ပျူတာဖြင့် စနစ်တကျ သိမ်းဆည်းခြင်း၊ ထုတ်ပေးခြင်းများကို ဆောင်ရွက်ပေးပါသည်။ မှတ်တမ်းအချက်အလက်များ တောင်းခံလာသော အစိုးရဌာန/လုပ်ငန်း/အဖွဲ့အစည်းများသို့ အခမဲ့ပံ့ပိုးပေးခြင်း၊ ပြင်ပဌာန/လုပ်ငန်း/အဖွဲ့အစည်း/ပုဂ္ဂိုလ်များမှ တောင်းခံလာပါက မှတ်တမ်း အမျိုးအစား/အရေအတွက်အပေါ် မူတည်၍ ကျသင့်ငွေ တွက်ချက်လျက် ဝန်ဆောင်ခယူ၍ ဆောင်ရွက်ပေးပါသည်။ ဝန်ဆောင်ခ ရရှိငွေများကို နိုင်ငံတော်သို့ ရာနှုန်းပြည့် ပေးသွင်းပါသည်။ ရေကြောင်းနှင့် လေကြောင်း သွားလာရေးအတွက် မိုးလေဝသနှင့် ဇလဗေဒဆိုင်ရာ ခန့်မှန်းချက်/သတိပေးချက်များကို နေ့စဉ် အခမဲ့ထုတ်ပြန်ပေးလျက်ရှိရာ အဆိုပါ ထုတ်ပြန်ချက်များ၏ တန်ဖိုးမှာ တစ်နှစ်လျှင် ကျပ်ငွေ သန်း ၁၅၀၀ ကျော်ရှိပါသည်။

၅။ မိုးလေဝသဆိုင်ရာမှတ်တမ်းအချက်အလက်များ ထိန်းသိမ်းခြင်းစနစ် (CLICOM) ကို ၁၉၉၉ ခုနှစ်တွင် မှတ်တမ်းဌာနစု၌ ထူထောင်ထားရှိလျက် မှတ်တမ်းများကို စနစ်တကျသိမ်းဆည်းခြင်းကို ဆောင်ရွက်ပါသည်။

၆။ ပိဋကတ်နှင့်ရက်တို/ရက်ရှည်ဌာနခွဲသည် (၁၀)ရက်ပတ်၊ လပတ် မိုးလေဝသခန့်မှန်းချက်များ ထုတ်ပြန်နိုင်ရေးအတွက် မိုးလေဝသ အချက်အလက်များ စုဆောင်းခြင်း၊ သုတေသနပြုခြင်း ဂြိုဟ်တုတိမ်ပုံများ ဆန်းစစ်လေ့လာခြင်းများနှင့် ခန့်မှန်းချက်ပြုစုတင်ပြခြင်းများကို ဆောင်ရွက်ရပါသည်။ ဌာနတွင်း ထုတ်ဝေသည့် အစီရင်ခံစာများ၊ သုတေသနစာတမ်းများ၊ စာစောင်များ၊ ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်နှင့် နိုင်ငံတကာ မိုးလေဝသဌာနများမှ ထုတ်ဝေပေးပို့သည့် စာရွက်စာတမ်းများ၊ စာအုပ်များ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ဘာသာရပ်နှင့် သက်ဆိုင်သည့် စာအုပ်များ၊ နေ့စဉ်ထုတ်သတင်းစာများကို စနစ်တကျ စာရင်းပြုစု သိမ်းဆည်းခြင်း၊ ဖတ်ရှုလေ့လာလိုသူများအား ငှားရမ်းပေးခြင်းတို့ကို ဆောင်ရွက်ပေးပါသည်။ ဌာနတွင်း သင်တန်းများ ကျင်းပရေးအတွက် လိုအပ်သော စာရွက်စာတမ်းများ ပြုစုပေးခြင်း၊ သင်တန်းမှတ်စုများ ပြုစုပေးခြင်း စသည်တို့ကိုလည်း ဆောင်ရွက်ပေးပါသည်။

၇။ ရာသီဥတုဌာနခွဲသည် မြန်မာနိုင်ငံ၏ရာသီဥတုဖြစ်စဉ်များအပေါ် သုံးသပ်လေ့လာခြင်း၊ လေ့လာတွေ့ရှိချက်များအား ပြုစုရေးသားတင်ပြခြင်း၊ ထူးခြားရာသီဥတုဖြစ်စဉ်များအား ဆန်းစစ်လေ့လာခြင်း၊ အယ်နီညို လာနီညာဖြစ်စဉ်များနှင့်ပတ်သက်၍ စောင့်ကြည့်လေ့လာသုတေသနပြုခြင်း၊ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံနှင့် သက်ဆိုင်သောအခြေအနေများကို စောင့်ကြည့်လေ့လာလျက် အစီရင်ခံတင်ပြခြင်းများကို ဆောင်ရွက်ပါသည်။

မိုးလေဝသတိုင်းတာရေးစခန်းများ ဖွင့်လှစ်ထားရှိမှုအခြေအနေ

၈။ မိုးလေဝသနှင့်ဇလ‌ဗေဒညွှန်ကြားမှုဦးစီးဌာန၏ မိုးလေဝသဆိုင်ရာ တိုင်းတာရေး စခန်း/ရုံးများ ဖွင့်လှစ်ထားရှိမှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

(က) မိုးလေဝသစခန်း (၆၃)စခန်း

(ခ) မိုးလေဝသနှင့်ဇလဗေဒစခန်း (၃၉)စခန်း

(ဂ) စိုက်ပျိုးရေးမိုးလေဝသစခန်း (၁၇)စခန်း

(ဃ) လေကြောင်းမိုးလေဝသခန့်မှန်းရေးရုံး (၈)ရုံး

(င) ပင်လယ်ရေမျက်နှာပြင် အခြေအနေတိုင်းစခန်း (၂)စခန်း

 

မိုးလေဝသဆိုင်ရာ တိုင်းတာသည့်အချက်အလက်များ

၉။ ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်၏ သတ်မှတ်ထားသည့် အချိန်များအတိုင်း တိုင်းတာရေးစခန်းများ မှ တိုင်းထွာချက်များကို တိုင်းတာရယူပြီး ရုံးချုပ်သို့ ပေးပို့ရပါသည်။ တိုင်းတာရေးစခန်းများအလိုက် တိုင်းတာသည့် တိုင်းထွာချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

(က) မိုးလေဝသစခန်း

(၁) မိုးရေချိန် တစ်နေ့ (၁)ကြိမ်

(၂) အပူချိန်(အမြင့်ဆုံး/အနိမ့်ဆုံး) တစ်နေ့ (၁)ကြိမ်

(၃) လေတိုက်နှုန်း တစ်နေ့ (၅)ကြိမ်

(၄) လေတိုက်ရာအရပ် တစ်နေ့ (၅)ကြိမ်

(၅) လေထုဖိအား တစ်နေ့ (၅)ကြိမ်

(၆) တိမ်ဖြစ်ပေါ်မှု တစ်နေ့ (၅)ကြိမ်

(၇) စိုထိုင်းဆ တစ်နေ့ (၅)ကြိမ်

(၈) ရေငွေ့ပံျနှုန်း တစ်နေ့ (၃)ကြိမ်

(၉) မိုးလေဝသအခြေအနေ တစ်နေ့ (၅)ကြိမ်

 

(ခ) လေကြောင်းမိုးလေဝသစခန်း

(၁) မိုးရေချိန် နာရီဝက် (၁)ကြိမ်

(၂) လေတိုက်နှုန်း နာရီဝက် (၁)ကြိမ်

(၃) လေတိုက်ရာအရပ် နာရီဝက် (၁)ကြိမ်

(၄) လေထုဖိအား နာရီဝက် (၁)ကြိမ်

(၅) အဝေးမြင်တာ နာရီဝက် (၁)ကြိမ်

(၆) လေဆိပ်အနီးတစ်ဝိုက် နာရီဝက် (၁)ကြိမ်

မိုးလေဝသအခြေအနေ

 

(ဂ) ပင်လယ်ရေမျက်နှာပြင် အခြေအနေတိုင်းစခန်း

(၁) ပင်လယ်ရေအနိမ့်အမြင့်

(၂) ပင်လယ်ရေအပူချိန်

 

၁၀။ မိုးလေဝသစခန်း၊ စိုက်ပျိုးရေးမိုးလေဝသစခန်းနှင့် လေကြောင်းမိုးလေဝသစခန်းများသည် ပုံမှန် တိုင်းတာချက်များကို သတ်မှတ်ချိန်များတွင် တိုင်းတာရပြီး မုန်တိုင်းဖြစ်ပေါ်စဉ် သို့မဟုတ် မြစ်ရေကြီး နိုင်မည့်အချိန်/မြစ်ရေကြီးစဉ် အချိန်များတွင် တိုင်းတာချက်များကို တစ်နာရီ လျှင် တစ်ကြိမ် တိုင်းထွာချက်ရယူရပါသည်။

 

ထုတ်ပြန်သည့် ခန့်မှန်းချက်/သတိပေးချက်/အခြေအနေသတင်းများ

၁၁။ မိုးလေဝသနှင့်ဇလ‌ဗေဒညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ပေးသည့် ခန့်မှန်းချက်/သတိပေးချက်နှင့် အခြေအနေသတင်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

(က) ခန့်မှန်းချက်များ

(၁) နေ့စဉ်မိုးလေဝသခန့်မှန်းချက်

(၂) (၁၀)ရက်ပတ် မိုးလေဝသခန့်မှန်းချက်

(၃) လအလိုက် မိုးလေဝသခန့်မှန်းချက်

(၄) မိုးရာသီယေဘုယျ မိုးလေဝသခန့်မှန်းချက်

(၅) မိုးဦး/မိုးလယ်/မိုးနှောင်း မိုးလေဝသခန့်မှန်းချက်

(၆)ဘင်္ဂလားပင်လယ်အော်၊ မြန်မာ့ပင်လယ်ပြင်နှင့် ကမ်းရိုးတန်းတစ်လျောက် ခန့်မှန်းချက်

(၇) ပင်လယ်ပြင်ခရီး မိုးလေဝသခန့်မှန်းချက်

(၈) လေဆိပ်များအတွက်ခန့်မှန်းချက်

(၉) အရေးကြီးပုဂ္ဂိုလ်များ၏ ခရီးစဉ်အတွက် မိုးလေဝသခန့်မှန်းချက်

 

(ခ) သတိပေးချက်များ

(၁) မုန်တိုင်းသတိပေးချက်

(၂) မုန်တိုင်းဒီရေသတိပေးချက်

(၃) လေပြင်းတိုက်မည့်သတိပေးချက်

(၄) ဆိပ်ကမ်းများသတိပေးချက်

(၅) အချိန်အခါမဟုတ်မိုးရွာမည့်သတိပေးချက်

(၆) မိုးကြီးမည့်သတိပေးချက်

(၇) မြူထုဆိုင်းမည့်သတိပေးချက်

(၈) လေဆိပ်များတွင်ထူးခြားသည့်မိုးလေဝသအခြေအနေသတိပေးချက်

(၉) လေဆိပ်များတွင်ဆိုးရွားသည့်မိုးလေဝသအခြေအနေသတိပေးချက်

 

(ဂ) အခြေအနေသတင်းထုတ်ပြန်ချက်

(၁) မုန်တိုင်းအခြေအနေသတင်းထုတ်ပြန်ချက်

(၂) ထူးခြားမိုးလေဝသအခြေအနေသတင်းထုတ်ပြန်ချက်

(၃) မိုးဦး/မိုးလယ်/မိုးနှောင်းကာလ မိုးရွာသွန်းမှုအခြေအနေထုတ်ပြန်ချက်

 

၁၂။ အထက်ဖော်ပြပါ ခန့်မှန်းချက်/သတိပေးချက်/အခြေအနေသတင်းများ ထုတ်ပြန်သည့် လုပ်ငန်းများ ဆောင်ရွက်သည့်နည်းတူ သုတေသန စာတမ်းများ ပြုစုရေးသားခြင်း၊ ဘာသာရပ်ဆိုင်ရာ ဆောင်းပါးများ ရေးသားဖော်ပြပေးခြင်း၊ လက်ကမ်းစာစောင်များ ပြုစုထုတ်ဝေခြင်း၊ ဘာသာရပ်ဆိုင်ရာ အစီရင်ခံစာများ ပြုစုရေးသားခြင်း၊ ရေဒီယို/ရုပ်မြင်သံကြားတွင် ဘာသာရပ်ဆိုင်ရာ တွေ့ဆုံမေးမြန်းခန်း ရိုက်ကူး ထုတ်လွှင့်ခြင်း၊ ဘာသာရပ်ဆိုင်ရာ ဟောပြောပို့ချပေးခြင်း၊ သုတေသန စာတမ်းပေါင်း ချုပ်စာအုပ်ပြုစုခြင်း၊ ဆောင်းပါးပေါင်းချုပ်စာအုပ်များ ပြုစုခြင်း ပညာပေးစာစောင် ပြုစုထုတ်ဝေခြင်းများကို ဆောင်ရွက်ပါသည်။