




၂၅-၁၀-၂၀၂၅: ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression) သည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ မုန်တိုင်းငယ် သည် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ (Coco Island) ၏ အနောက်တောင်ဘက် ရေမိုင် ၄၀၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့ (Chennai) ၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၄၃၀ မိုင်ခန့်၊ ကာကီနာဒါမြို့ (Kakinada) ၏ အရှေ့တောင်ဘက် ရေမိုင် ၄၆၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ မုန်တိုင်းငယ်သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး နောက် ၆ နာရီအတွင်း အားကောင်းသောမုန်တိုင်းငယ် (Deep Depression) အဖြစ်သို့လည်းကောင်း၊ ၂၇-၁၀-၂၀၂၅ ရက်နေ့၌ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) အဖြစ်သို့လည်းကောင်း၊ ၂၈-၁၀-၂၀၂၅ ရက်နေ့၌ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) အဖြစ်သို့လည်းကောင်း ရောက်ရှိ နိုင်ကာ ယင်းနေ့ညပိုင်းတွင် အင်ဒရာပရာဒေ့ရှ်ကမ်းခြေကို ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်း၊ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကပ္ပလီ ပင်လယ်ပြင်တောင်ပိုင်းတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေကာ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်ထူထပ်နေပါသည်။

