DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

Main menu

၁-၄-၂၀၂၆ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် တိမ်ထူထပ်နေပြီး ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

ကမ္ဘာကြီးပူနွေးလာမှု (Global Warming)

ကမ္ဘာကြီးပူနွေးလာမှု (Global Warming)

ကမ္ဘာကြီးပူနွေးလာမှု (Global Warming) ဆိုသည်မှာ ကမ္ဘာ့မြေမျက်နှာပြင်နှင့်လေထုအတွင်းတွင် အပူချိန် တဖြည်းဖြည်း မြင့်တက်လာခြင်းကြောင့် ကမ္ဘာကြီးတစ်ခုလုံးအပူချိန်မြင့်တက်လာခြင်းကို ဆိုလိုပါသည်။ နေမှဖြာထွက် သော ရောင်ခြည်များ (short wave radiation)သည် ကမ္ဘာမြေမျက်နှာပြင်ပေါ်သို့ ကျရောက်ပြီးသည့်အခါ အချို့ကို ကမ္ဘာမြေပြင်က စုပ်ယူထားပြီး အချို့သည် လှိုင်းရှည်အပူရှိန်ဖြာထွက်ခြင်း (long wave radiation) သို့မဟုတ် အနီအောက် ရောင်ခြည် (infrared radiation) အဖြစ် ပြောင်းလဲသွားပါသည်။ ယင်းအပူလှိုင်းများကို လေထုအတွင်းရှိ ကာဗွန်ဒိုင် အောက်ဆိုဒ် (CO2)၊ မီသိန်း (CH4)၊ နိုက်ထရပ်အောက်ဆိုဒ်(N2O)စသည့် ဓါတ်ငွေ့များက စုပ်ယူထားခြင်းဖြင့် လူ၊ တိရိစ္ဆာန် နှင့် သစ်ပင်တို့ ရှင်သန်နေထိုင်နိုင်ရန် သင့်တင့်မျှတသော အပူဓါတ်ကို ရရှိစေပါသည်။ အဆိုပါ ဓါတ်ငွေ့များသည် ကမ္ဘာကြီးကို ပူနွေးစေပြီး မှန်လုံအိမ်ကဲ့သို့ စွမ်းဆောင်ပေးနိုင်သဖြင့် မှန်လုံအိမ်ဓါတ်ငွေ့များ (Greenhouse Gases - GHGs) ဟု တင်စားထားကြပါသည်။

သို့ရာတွင် စက်မှုခေတ်ထွန်းကားလာသည့်အချိန်မှစတင်၍ စက်ရုံအလုပ်ရုံများ၊ စက်တပ်ယာဉ်များ တိုးပွားလာ ခြင်းကြောင့် ကျောက်မီးသွေး၊ ဓါတ်ဆီ၊ ဒီဇယ်၊ သဘာဝဓါတ်ငွေ့စသည့် ရုပ်ကြွင်းလောင်စာများ သုံးစွဲမှု တစ်နှစ်ထက် တစ်နှစ် တိုးတက်များပြားလာခဲ့ရာမှ လေထုအတွင်း CO2 အပါအဝင် မှန်လုံအိမ်ဓါတ်ငွေ့များ အဆမတန်များပြား လာခဲ့ပါ သည်။ ဤနည်းအားဖြင့် လေထု၏အပူရှိန်ကိုစုပ်ယူ၍ မြေပြင်သို့ ပြန်လည်ထုတ်လွှင့်နိုင်မှု ကြီးမားလာပြီး ကမ္ဘာကြီး၏ အပူချိန်ကို မြင့်တက်လာစေရာ ယခုအခါ ကမ္ဘာကြီး၏ အပူချိန်သည် လွန်ခဲ့သောနှစ်ပေါင်း ၁၄၀ ကထက် ၁ ဒီဂရီဖာရင် ဟိုက် (ဝ.၅ ဒီဂရီဆဲလ်စီးယပ်) ပိုမိုပူနွေးလာသည်ဟု ဆိုပါသည်။

ရာသီဥတုပြောင်းလဲဖောက်ပြန်မှုများသည် ကမ္ဘာကြီးပူနွေးလာမှုကြောင့်ဖြစ်ပြီး ကမ္ဘာကြီးပူနွေးလာခြင်းသည် လည်း မှန်လုံအိမ်ဓါတ်ငွေ့များ ထုတ်လွှတ်မှုများပြားလာခြင်းကြောင့် ဖြစ်ပါသည်။ ရာသီဥတုပြောင်းလဲမှုသည် ယနေ့ လူသားများ ရင်ဆိုင်နေရသော စိန်ခေါ်မှုကြီးတစ်ရပ် ဖြစ်ပါသည်။ IPCC (Inter governmental Panel on Climate Change) ၏ စတုတ္ထအကြိမ်မြောက် ဆန်းစစ်တွေ့ရှိချက် အစီရင်ခံစာတွင် ရာသီဥတုပြောင်းလဲမှုသည် စီးပွားရေးတိုးတက် မှု၊ ရေရှည်တည်တန့်သောပြည့်စုံမှုနှင့်တစ်ကွ အန္တရာယ်နားနီးသူများ၏ ဘဝရှင်သန်မှုစသည်တို့ကို ခြိမ်းခြောက်လျက်ရှိ ကြောင်း သိပ္ပံနည်းကျ တွေ့ရှိချက်ကိုဖော်ပြထားပါသည်။ ထို့အပြင်အကယ်၍ မှန်လုံအိမ် ဓါတ်ငွေ့ထုတ်လွှင့်မှုသည်လက်ရှိ နှုန်းထားအတိုင်း ဆက်လက်မြင့်တက်နေပြီး စက်မှုမထွန်းကားခင်အချိန်တွင် ရှိနှုန်းထား၏ နှစ်ဆမြင့်တက်လာခွင့်ပြုမည် ဆိုပါက ကမ္ဘာကြီးသည် ဤရာစုနှစ်အတွင်းပျမ်းမျှအပူချိန် ၃ ဒီဂရီဆဲလ်စီးယပ်မျှ မြင့်တက်လာမှုကို ကြုံတွေ့ရပါမည်။ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှု၊ စိုက်ပျိုးရာသီ ပြောင်းလဲလာမှု၊ အစွန်းရောက် ရာသီဥတုဖြစ်စဉ်များ ဖြစ်သော မုန်တိုင်းဖြစ်ပေါ်မှု၊ ရေကြီးမှုနှင့် မိုးခေါင်မှုစသည်တို့၏ ကြိမ်နှုန်းနှင့် ပြင်းအားတိုးလာမှုစသည့် ဆိုးရွားသောအကျိုးဆက်များ ဖြစ်လာပါမည်။ သို့ဖြစ်ရာ အန္တရာယ်ရှိသော မှန်လုံအိမ်ဓာတ်ငွေ့ လေထုထဲတွင်ပါဝင်မှု တည်ငြိမ်စေရေးသည် လူသား အားလုံး၏ တာဝန်တစ်ရပ် ဖြစ်လာပါသည်။