ငလျင်လှုပ်ခြင်း
ငလျင်ဆိုသည်မှာ မြေကြီးတုန်ခါမှုဖြစ်ခြင်းကို ခေါ်ဆိုခြင်းဖြစ်ပါသည်။ ဘူမိဗေဒဘာသာရပ်တွင် မြေထုချပ် (Plate) ဟုခေါ်သော ကျောက်သားထုချပ် နှစ်ခုသည် တစ်ခုနှင့်တစ်ခု တွန်းတိုက်မိရာမှ တစ်ခုက အခြားတစ်ခုအောက်သို့ ငုံ့လျှိုးဝင်ရောက်ပြီး အပေါ်တစ်ခုသည် တွန်းတိုက်ခံရသည့်အတွက် တွန့်ခေါက်လာ၍ အဆိုပါ တွန်းတိုက်သည့်နေရာတွင် အားများ တဖြည်းဖြည်း စုစည်းမိလာကာ အဘက်ဘက်သို့ ပြန့်ထွက်သွားပါသည်။ အဆိုပါ အားများ (စွမ်းအင်အား) ဖြတ်သွားရာ လမ်းကြောင်းတစ်လျှောက်ရှိ ကြားခံအရာများအားလုံး တုန်ခါ၍ သွားသည်ကို ငလျင်လှုပ်သည်ဟု ခေါ်ဆိုကြပါသည်။
မီတောင်ပေါက်ကွဲခြင်း၊
မြေအောက်မိုင်းခွဲခြင်း၊
အာကာသမှ ဥက္ကာခဲကြီးများ ကမ္ဘာမြေပေါ်သို့ ကျခြင်းတို့ကြောင့်လည်း ငလျင်များ လှုပ်တတ်ပါသည်။
ငလျင်မလှုပ်မီ ဆောင်ရွက်ရန် အချက်များ
(၁) အခန်းတိုင်းတွင် လုံခြုံသောနေရာကိုသိထားရမည်၊
(၂) လုံခြုံသောနေရာသို့ ဝင်ရန်၊ အကာအကွယ်ယူရန်၊ ဆွဲကိုင်ထားရန်တို့အား လေ့ကျင့်ထားရမည်၊
(၃) အန္တရာယ်ရှိသော နေရာများကို သိထားရမည်၊
(၄) အိမ်ပြင်တွင်ရှိလျှင် လုံခြုံစိတ်ချရသောနေရာများကို သိထားရမည်၊
(၅) ထွက်ပြေးရန် လမ်းကြောင်းများ၊ အရံထွက်လမ်းများကို လေ့လာမှတ်ထားရမည်၊
(၆) ရေ၊ ဓာတ်ငွေ့နှင့် လျှပ်စစ်မီးတို့ကို အရေးပေါ် ဖြတ်တောက်နိုင်မည့်နေရာများကို သိထားရမည်။
ငလျင်လှုပ်ရှားစဉ် လုပ်ဆောင်ရန်အချက်များ
(၁) မြေကြီး(သို့မဟုတ်) အဆောက်အဦတုန်ခါခြင်းကြောင့် ပြိုကျလာသည့် အကျိုးအပဲ့များ ထိခိုက်
မည့်အန္တရာယ်မှ လွတ်ကင်းအောင် စာရေးခုံ၊ စားပွဲအောက်တွင် ချက်ချင်းအမြန်ဆုံးဝင်၍
ပုန်းလျှိုးနေလိုက်ပါ၊
(၂) ပြိုကျနေသည့်အကျိုးအပဲ့များ၊ မြင့်မားသည့်ပရိဘောဂများ၊ ကြမ်းပြင်ပေါ်တွင် လျောကျနိုင်
သော (သို့မဟုတ်) မှောက်လဲနိုင်သော လေးလံသည့် အရာဝတ္တုများကို သတိထားပါ၊
(၃) အပြင်ထွက်သော တံခါးပေါက်၊ ပြူတင်းပေါက်များမှ ဝေးဝေးနေပါ၊
(၄) ငလျင်လှုပ်စဉ် အိမ်အပြင်သို့ ထွက်မပြေးပါနှင့်၊
(၅) မိမိသည် တိုက်အမြင့်ကြီး၌ နေထိုင်ပါက လှေကားများ(သို့မဟုတ်) ဓာတ်လှေကားများတွင်
တိုးဝှေ့ခြင်း မပြုပါနှင့်၊
(၆) မိမိသည် လမ်းပေါ်သို့ရောက်နေပါက အဆောက်အဦများ၊ လျှပ်စစ်ကြိုးများနှင့် ဝေးကွာသော
ကွင်းပြင်သို့ ရောက်ရှိရန် ကြိုးပမ်းရမည်၊
(၇) မိမိသည် ကားအတွင်းတွင်ရှိနေလျှင် ကားကို စက်သတ်ရပ်ထား၍ ကားအတွင်း၌ပင် ဆက်
နေပြီး တံတားများ၊ အဆောက်အဦးများနှင့် ဝေးဝေးနေရမည်၊
(၈) ပင်လယ်ကမ်းခြေ၊ နိမ့်သော မြစ်ကမ်းပါးတို့မှ ဝေးနိုင်သမျှ ဝေးဝေးနေပါ။ ဆူနာမီရေလှိုင်း
ကြီးများ ဝင်ရောက်လာနိုင်ပါသည်။
ငလျင်လှုပ်ပြီးလျှင် လုပ်ဆောင်ရန်အချက်များ
(၁) မိမိကိုယ်ကို အနာတရ ဖြစ် မဖြစ် စစ်ဆေးပါ၊
(၂) နောက်ဆက်တွဲဖြစ်နိုင်သည့် အန္တရာယ်တို့ကို ကာကွယ်ပါ၊
(၃) ရှေးဦးသူနာပြုစုနည်းများဖြင့် ပြုစုပါ၊
(၄) အဆောက်အဦတွင် ထိခိုက်မှု မမာဏကို စစ်ဆေးပါ၊
(၅) မီးဘေးအန္တရာယ်ကို တွက်ဆပါ၊
(၆) မီးခြစ် မသုံးပါနှင့်၊ မီးခလုတ်များကို ပိတ်ထားပြီး ဓာတ်မီးနှင့် ဘတ္ထရီမီးတို့ကို သုံးပါ၊
(၇) ဓာတ်ငွေ့နံ့၊ ဓာတ်ဆီနံ့စသည့် လောင်စာနံ့ရပါက အမြန်ဆုံး ထွက်ခွာပါ၊
(၈) နောက်ဆက်တွဲငလျင်များ လှုပ်နိုင်သည်ကို သတိပြု ပြင်ဆင်ပါ။
ငလျင်လှုပ်ပြီးနောက် နောက်ဆက်တွဲ ဘေးအန္တရာယ်များ
(၁) နောက်ဆက်တွဲငလျင်များ၊
(၂) မြို့ပြမီးဘေးအန္တရာယ်၊
(၃) ရေကာတာကြီးများ ကျိုးပျက်၍ ရေကြီးခြင်း၊
(၄) တောင်ပြိုခြင်း၊ မြေပြိုခြင်း၊
(၅) ရွံ့မီးတောင်များ ပေါက်ကွဲပန်းထွက်ခြင်း၊
(၆) ဆူနာမီရေလှိုင်း ဖြစ်ပေါ်ရိုက်ခတ်ခြင်း၊
(၇) ကောလဟာလ သတင်းလွှင့်ခြင်း။

