
၂၆-၁၁-၂၀၂၅: ယနေ့မြန်မာစံတော်ချိန် ၁၀:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော မလက္ကာ ရေလက်ကြားအနီးတွင် ဖြစ်ပေါ်နေသော အားကောင်းသောမုန်တိုင်းငယ်(Deep Depression)သည် အနောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ပိုမိုအားကောင်းလာကာ မလက္ကာ ရေလက်ကြားနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အင်ဒိုနီးရှားနိင်ငံအရှေ့မြောက်ပိုင်းတို့တွင် ဆိုင်ကလုန်းမုန်တိုင်း “ဆန်ယာ” (SENYAR)အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “ဆန်ယာ”သည် မြန်မာနိုင်ငံ၊ ကော့သောင်းမြို့(Kawthaung)၏ တောင်ဘက်ရေမိုင် ၂၈၅ မိုင်ခန့်၊ မလေးရှားနိုင်ငံ၊ ပီနန်မြို့(Penang)၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ၁၄၀ မိုင်ခန့်၊ အင်ဒိုနီးရှားနိုင်ငံ၊ ကူတာမတ်ကွာမြို့(Kuta Makmur)၏ အရှေ့ဘက် ရေမိုင် ၅၅ မိုင်ခန့်နှင့် အိန္ဒိယနိုင်ငံ၊ ကားနီကိုးဘားမြို့(Car Nicobar)၏ အရှေ့တောင်ဘက် ရေမိုင် ၃၉၀ မိုင်ခန့်အကွာပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “ဆန်ယာ”သည် နောက် ၆ နာရီအတွင်း အင်ဒိုနီးရှား နိုင်ငံမြောက်ပိုင်းကို ကူတာမတ်ကွာမြို့အနီးမှ ဖြတ်ကျော်နိုင်ပါသည်။ ထိုမှတစ်ဆင့် နောက် ၄၈ နာရီအတွင်း အနောက်-အနောက်တောင်ဘက်သို့ ရွေ့လျားနိုင်ပြီးနောက် အရှေ့ဘက်သို့ ပြန်ကွေ့ကာ တဖြည်းဖြည်း အားလျော့သွားနိုင်သည်ဟု ခန့်မှန်းရပါသည်။ ယနေ့မြန်မာစံတော်ချိန် ၁၀:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက် တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော သီရိလင်္ကာနိုင်ငံတောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် ပိုမိုအားကောင်းလာခဲ့ပြီး ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော သီရိလင်္ကာနိုင်ငံအရှေ့တောင်ပိုင်းတို့တွင် အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး နောက် ၂၄ နာရီအတွင်း မုန်တိုင်းငယ်(Depression)အဖြစ်သို့ ပိုမိုအားကောင်းလာနိုင်သည်ဟု ခန့်မှန်းရပါသည်။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေကာ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်ထူထပ်နေပါသည်။

