DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၇-၁၁-၂၀၂၅: ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် အနောက်မြောက်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

ဆောင်းရာသီကာလ (၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလအထိ)အတွက် ယေဘုယျ မိုးလေဝသခန့်မှန်းချက်

ဆောင်းရာသီကာလ (၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလအထိ)အတွက်

ယေဘုယျ မိုးလေဝသ ခန့်မှန်းချက်

ဘင်္ဂလားပင်လယ်အော်အခြေအနေ

၁။       ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်‌၀န်း (၅)ကြိမ် ဖြစ်ပေါ်နိုင်ပြီး (၃)ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါသည်။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနိုင်ပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ပါသည်။

မိုးအခြေအနေ

၂။      မိုးရွာသွန်းမှုအခြေအနေမှာ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် ဧရာဝတီတိုင်းဒေသကြီး တို့တွင် ရွာသွန်းမြဲထက်ပိုနိုင်ပြီး ကချင်ပြည်နယ်တွင် ရွာသွန်းမြဲအောက်လျော့နည်းနိုင်ကာ ရန်ကုန် တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း) စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။

ညအပူချိန်

၃။       စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် ဆောင်းရာသီကာလ ပျမ်းမျှအပူချိန်၏ ၁.၅ ဒီဂရီဆဲလ်စီးယပ်နှင့်အထက်ပိုနိုင်ပြီး နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာ၀တီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် တို့တွင် ဆောင်းရာသီကာလ ပျမ်းမျှအပူချိန်ခန့်သာ ရှိနိုင်ပါသည်။

မြူအခြေအနေ

၄။       ဆောင်းရာသီကာလအတွင်း ဒေသအလိုက် မြူထူဆိုင်းလေ့ရှိပြီး ကမ်းရိုးတန်းဒေသများ၊ ကုန်းမြင့်နှင့် တောင်တန်းဒေသများတို့တွင် ပိုမိုထူထပ်စွာ မြူထူဆိုင်းတတ်ပါသည်။

(မြူအခြေအနေခန့်မှန်းချက်များကို လပတ်ခန့်မှန်းချက်များတွင် လအလိုက် ထပ်မံထုတ်ပြန်ပေးသွားမည် ဖြစ်ပါသည်။)