မုန်တိုင်းများ
ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းများသည် ဧပြီလ၊ မေလ၊ အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် ဖြစ်ပေါ်လေ့ရှိပါသည်။ မုတ်သုံလေ ရာသီကာလအတွင်း ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် မုတ်သုံမုန်တိုင်းငယ်များ ဖြစ်ပေါ်တတ်ပါသည်။ မိုးကြိုရာသီနှင့် မိုးလွန်ရာသီများတွင်ဖြစ်သော မုန်တိုင်းများသည် အဖျက်စွမ်းအားများ၍ ပျက်စီး ဆုံးရှုံးမှုများစွာ ဖြစ်စေပါသည်။
မုန်တိုင်းများ၏ အရေးပါသော အဖျက်စွမ်းအား ၃ မျိုးမှာ လေပြင်းများတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန် ခြင်းနှင့် မုန်တိုင်းဒီရေတက်ခြင်းတို့ ဖြစ်ပါသည်။ မြန်မာ့ကမ်းရိုးတန်းသို့ မုန်တိုင်းဖြတ်ကျော်ပါက အများဆုံးလေတိုက်နှုန်း တစ်နာရီမိုင် ၁၂၀ မှ ၁၃၀ အထိ ရှိပါသည်။ ဖြတ်ကျော်သည့် မုန်တိုင်း၏ အင်အားနှင့် အရွယ်အစားပေါ်တွင် အဓိက မူတည် ပါသည်။ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ မုန်တိုင်းအင်အားအခြေအနေများကို ထည့်သွင်းထုတ်ပြန် ပေးပါ သည်။ အားကောင်းသောမုန်တိုင်း ဖြစ်ပါက လေတိုက်နှုန်း ပိုမိုပြင်းထန်မည်၊ မိုးကြီးမည်၊ မုန်တိုင်းဒီရေတက်ရောက်မှု ပိုမြင့်မည် ဖြစ်ပါသည်။ ရခိုင်ကမ်းရိုးတန်းနှင့် မြစ်ဝကျွန်းပေါ်ဒေသများသည် မုန်တိုင်းဘေးအန္တရာယ်ရှိသော ဒေသများ ဖြစ်ပြီး ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းတို့သည် မုန်တိုင်းများ ဖြတ်ကျော်ရွေ့လျား မှုကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လျှပ်တစ်ပျက်ရေကြီးခြင်းနှင့် လေပြင်းတိုက်ခတ်မှုများ ကြုံတွေ့နိုင်ပါသည်။
မုန်တိုင်းဖြစ်ပေါ်မည့် အခြေအနေကို မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ နေ့၊ ညမပြတ် စောင့်ကြည့် လေ့လာနေပြီး မုန်တိုင်းဖြစ်ပေါ်နေစဉ် ကုန်းတွင်းသို့ ဝင်ရောက်အားပျော့သွားသည်အထိ စာင့်ကြည့်လျက် ကြိုတင် သတင်းထုတ်ပြန်မည်ဖြစ်ပါသည်။ ထို့ကြောင့် မုန်တိုင်းဖြစ်ပေါ်လာတိုင်း စိုးရိမ်မှုမလွန်ဘဲ မုန်တိုင်းမတိုက်ခတ်မီ၊ မုန်တိုင်း တိုက်ခတ်နေဆဲနှင့် မုန်တိုင်းတိုက်ခတ်ပြီးချိန်များတွင် ပြင်ဆင်ဆောင်ရွက်ရန်တို့ကို ကြိုတင်စီမံလျက် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ မုန်တိုင်းသတင်း (သို့မဟုတ်) မုန်တိုင်းသတိပေးချက်ကို ကြည့်ရှု၊ နားဆင်ပြီး ဒေသအဖွဲ့ အစည်းများ၏ ဦးဆောင်လမ်းညွှန်မှုကိုပူးပေါင်း၊ လိုက်နာဆောင်ရွက်ခြင်းဖြင့် မုန်တိုင်းအန္တရာယ်ကို ရင်ဆိုင်ကျော်လွှား နိုင်မည် ဖြစ်ပါသည်။
မုန်တိုင်းသတိပေးချက်နှင့်ပတ်သက်၍သတိပြုရန်
(၁) မုန်တိုင်းကာလများတွင် မုန်တိုင်းသတင်းကို ပိုမိုဂရုပြုနားထောင်ရန်၊
(၂) ဘင်္ဂလားပင်လယ်အော်တွင်မုန်တိုင်းဖြစ်သည့်အခါတိုင်း မြန်မာ့ကမ်းရိုးတန်းနှင့်နီးကပ်လာမည့် မုန်တိုင်းတည်နေရာ အား ဘင်္ဂလားပင်လယ်အော် အစိတ်အပိုင်းအား သိရှိထားရန်၊
(၃) မုန်တိုင်းသတင်းထုတ်ပြန်ရာတွင် မြန်မာနိုင်ငံအတွက် အန္တရာယ်မရှိနိုင်သော မုန်တိုင်းဖြစ်ပါက မုန်တိုင်းသတင်း ဟု ကြေငြာပြီး မြန်မာနိုင်ငံအတွက် အန္တရာယ်ရှိနိုင်သော မုန်တိုင်းမှသာ မုန်တိုင်းသတိပေးချက်ဟု ထုတ်ပြန် ကြေငြာကြောင်း သိရှိထားရန်၊
(၄) မုန်တိုင်းသတိပေးချက်တွင်ပါဝင်သောအောက်ပါအချက်များကိုအထူးသတိပြုရန်-
- မုန်တိုင်းတည်နေရာနှင့် မိမိနေထိုင်ရာအကွာအဝေး
- မုန်တိုင်းရွေ့လျားရာလမ်းကြောင်းနှင့် မိမိနေထိုင်ရာဒေသအကွာအဝေး
- မုန်တိုင်းအမျိုးအစား၊ မုန်တိုင်းဖြတ်ကျော်မည်ဟု ခန့်မှန်းဒေသနှင့် မိမိနေထိုင်ရာဒေသအကွာအဝေး
- မုန်တိုင်းဖြစ်ပေါ်နေချိန်နှင့် ရေထရက်တို့ တိုက်ဆိုင်မှု၊ မိမိနေရာဒေသ၏ ဒီရေသဘာဝ
မြန်မာနိုင်ငံကမ်းရိုးတန်းသို့ ဖြတ်ကျော်ဝင်ခဲ့သော မုန်တိုင်းများနှင့် ပျက်စီးဆုံးရှုံးမှုများ
|
စဉ် |
နေ့စွဲ |
ဝင်ရောက်သည့်ဒေသ |
အပျက်အစီး |
|
၁ |
၁၈၈၄ခု မေလ ၁၄-၁၇ |
စစ်တွေ |
လူ(၁၀၀)ကျော်သေဆုံး၊ ကောက်ပဲသီးနှံ့များစွာဆုံးရှုံး၊ သိန်း(၂၀၀)ဖိုးဆုံးရှုံး |
|
၂ |
၁၉၃၆ခု ဧပြီလ ၂၂-၂၆ |
ကျောက်ဖြူ |
လူ(၁၀၀၀) ခန့်သေဆုံး၊ ကျွဲ၊ နွား(၇၀၀၀) ကျော် သေဆုံး၊ ကျပ်သိန်း(၂၀၀၀)ဖိုးဆုံးရှုံး |
|
၃ |
၁၉၄၈ ခု အောက်တိုဘာလ ၆-၈ |
စစ်တွေ |
လူအချို့သေဆုံး၊ ပစ္စည်းသိန်း(၁၀၀)ဖိုးဆုံးရှုံး |
|
၄ |
၁၉၅၂ ခု အောက်တိုဘာလ ၂၂-၂၄ |
စစ်တွေ |
ရန်ကုန်၌ လူ(၄)ဦးသေဆုံး၊ စစ်တွေ၊ ပုသိမ်မြို့တွင် အပျက်အစီးများစွာရှိ၊ သိန်း(၁၀၀)ဖိုးဆုံးရှုံး |
|
၅ |
၁၉၆၇ ခု မေလ ၁၅-၁၈ |
ကျောက်ဖြူ |
ပုသိမ်ခရိုင်တွင်သိန်း(၁၀၀)ကျော်နှင့် ကျောက်ဖြူခရိုင်တွင်သိန်း(၂၀၀)ကျော်ဆုံးရှုံး |
|
၆ |
၁၉၆၇ ခု အောက်တိုဘာလ ၂၀-၂၄ |
စစ်တွေ |
စစ်တွေမြို့တွင်(၉၀%)အိမ်ပျက်စီး၊ သိန်း(၁၀၀)ဖိုးဆုံးရှုံး၊ လူ(၂)ဦးသေ၊ ရသေ့တောင်၊ ကျောက်တော် (၉၀%)ပျက်စီး၊မုံရွာခရိုင်လူ(၁၀၀)ကျော်သေ၊ ကျွဲ၊ နွား(၁၀၀၀)ကျော်သေ |
|
၇ |
၁၉၆၈ ခု မေလ ၇-၁၀ |
စစ်တွေ |
လူ(၁၀၃၇)ဦးသေဆုံး၊ ကျွဲ၊နွား(၁၇၅၃၇)ကောင်သေ၊ အိုးအိမ်(၅၇၆၆၃)ပျက်စီး၊ သိန်း(၁၀၀)ဖိုးဆုံးရှုံး၊ မုန်တိုင်းဒီရေ (၄.၂၅)ပေတက် |
|
၈ |
၁၉၇၅ ခု မေလ ၅-၇ |
ပုသိမ် |
လူ(၃၀၃)ဦးသေဆုံး၊ ကျွဲ၊နွား(၁၀၁၉၀)သေဆုံး၊ အိုးအိမ်(၂၄၆၇၀၀)ပျက်စီး၊ ကျပ်(၇၇၆.၅)သန်းဖိုးဆုံးရှုံး၊ မုန်တိုင်းဒီရေ (၃)ပေတက် |
|
၉ |
၁၉၇၈ ခု မေလ ၁၂-၁၇ |
ကျောက်ဖြူ |
ကျောက်ဖြူမြို့တွင်(၉၀%)ပျက်စီး၊ သိန်း(၂၀၀)ဖိုးဆုံးရှုံး |
|
၁၀ |
၁၉၈၂ ခု မေလ ၄ |
ဂွ |
ဂွမြို့တွင်(၉၀%)ပျက်စီး |
|
၁၁ |
၁၉၉၄ ခု မေလ ၂ |
မောင်တော |
သိန်း(၅၀၀)ဖိုးခန့်ပျက်စီး၊ မုန်တိုင်းဒီရေ (၃.၆၆)ပေတက် |
|
၁၂ |
၂၀၀၆ ခု ဧပြီလ ၂၉ |
မာလာမုန်တိုင်း (ဂွမြို့) |
လူ(၁)ဦးသေဆုံး၊ မုန်တိုင်းဒီရေ(၄.၅၇)ပေတက် |
|
၁၃ |
၂၀၀၈ ခု မေလ ၂-၃ |
နာဂစ်မုန်တိုင်း (ဧရာဝတီ) |
လူ(၁၃၈၀၀၀)ဉီးသေဆုံး၊(၁၃)ထရီလီယန်ကျပ်ဖိုးဆုံးရှုံး |
|
၁၄ |
၂၀၁၀ ခု အောက်တိုဘာလ ၂၀-၂၃ |
ဂီရိမုန်တိုင်း (ရခိုင်) |
လူ(၄၅)ဦးသေဆုံး၊ (ဝ.၀၂၄)ထရီလီယန်ကျပ်ဖိုးဆုံးရှုံး |
|
၁၅ |
၂၀၁၇ ခု ဧပြီလ ၁၄-၁၆ |
မာရသာ (သံတွဲ) |
- |
|
၁၆။ |
၂၀၁၈ ခု၊ မေလ ၂၅-၂၉ |
အားကောင်းသော မုန်တိုင်းငယ်(အမ်း) |
- |
|
၁၇။ |
၂၀၂၂ ခု၊ မတ်လ ၁၅-၂၃ |
အားကောင်းသော မုန်တိုင်းငယ်(ဂွ) |
- |
|
၁၈။ |
၂၀၂၂ ခု၊ မေလ ၁၉-၂၁ |
မုန်တိုင်းငယ်(မော်လမြိုင်) |
၃၃၂၄၅၀၀၀ ကျပ်ဖိုးဆုံးရှုံး |
|
၁၉။ |
၂၀၂၃ ခု၊ မေလ ၈-၁၅ |
မိုခါမုန်တိုင်း(စစ်တွေ) |
လူ ၁၅၁ ဦးသေ၊ ၂၁ ဦး ဒဏ်ရာရ၊ ဘေးသင့် ဦးရေ ၂၉၉၅၈ ဦး၊ ကျပ်သန်း ၃ သောင်းကျော်ဖိုးဆုံးရှုံး။ |
မုန်တိုင်းကြောင့် မြင့်တက်သည့် ရေလှိုင်း
၁။ မုန်တိုင်းကမ်းခြေသို့ဖြတ်ကျော်စဉ် လေပြင်းနှင့်အတူ ပင်လယ်ဒီလှိုင်းကြီးများ ရုတ်တရက်ကုန်းတွင်းသို့ အရှိန် အဟုန်ဖြင့် ဝင်ရောက်ပြီးနောက် ပင်လယ်ဒီလှိုင်းကြီးများသည် ပင်လယ်ထဲသို့ ပြန်လည်စီးဆင်းရာတွင် သက်ရှိနှင့် အဆောက်အဦ၊ ပစ္စည်းများကို ပင်လယ်ထဲသို့ဆွဲယူ သွားလေ့ရှိသည်။
၂။ မုန်တိုင်းကြောင့်မြင့်တက်သည့် ရေလှိုင်းသည် ရေထရက်တွင် ပိုမိုမြင့်မားနိုင်ပြီး ကမ်းရိုးတန်းမြစ်ဝများမှတဆင့် ကုန်းတွင်းပိုင်းအထိ ဝင်ရောက်နိုင်သည်။
၃။ မုန်တိုင်းကမ်းခြေသို့မဝင်ရောက်မီ နာရီအနည်းငယ်အလိုတွင် မုန်တိုင်းလမ်းကြောင်း၏ လက်ယာဘက်၊ အောက်ဘက် တွင် ဖြစ်ပေါ်တတ်သည်။
မုန်တိုင်းအန္တရာယ်
မြန်မာနိုင်ငံအပါအဝင်ဘင်္ဂလားပင်လယ်အော်၊ အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်း၊ တောင်တရုတ်ပင်လယ်ပြင်တို့သည် ပထဝီအနေအထားအရ အပူပိုင်းဇုံတွင် ကျရောက်နေသဖြင့် အဆိုပါပင်လယ်ပြင်များတွင် စတင်ဖြစ်ပေါ်သော မုန်တိုင်း များကို အပူပိုင်းမုန်တိုင်းများဟု သတ်မှတ်ကြပါသည်။
အပူပိုင်းမုန်တိုင်းဖြစ်ပေါ်ဖွဲ့စည်းရန်အတွက်အောက်ပါအခြေအနေများလိုအပ်ပါသည်-
(က) ရေငွေ့အလုံအလောက်ရနိုင်သော ကျယ်ပြန့်သည့် ပင်လယ်/ သမုဒ္ဒရာ ရှိရမည်။
(ခ) ပင်လယ်/ သမုဒ္ဒရာရေမျက်နှာပြင်၏အပူချိန် (Sea Surface Temperature) မှာလည်း အနည်းဆုံး ၂၆.၅ ဒီဂရီဆဲလ်စီးယပ်နှင့်အထက် ရှိရမည်။
(ဂ) အီကွေတာမှအနည်းဆုံး ၆ ဒီဂရီလတ္တီတွဒ် အကွာအဝေးရှိရမည်။
(ဃ) လေထုအောက်လွှာတွင် လေထုမငြိမ်မသက်မှု ဖြစ်ပေါ်လျက်ရှိရမည်။
(င) လေထုအောက်လွှာရှိ လေထုမငြိမ်မသက်မှုဖြစ်နေသော နေရာ၏အထက်တွင် လေသည် အပြင်သို့ ဖြာထွက်ရမည်။
မုန်တိုင်းများဖြစ်ပေါ်လျှင် အောက်ပါအဖျက်စွမ်းအား (၃)မျိုး ဖြစ်နိုင်ပါသည်။
လေပြင်းတိုက်ခြင်း၊ မိုးသည်းထန်စွာရွာခြင်း၊ မုန်တိုင်းကြောင့် မြင့်တက်သည့်ရေလှိုင်း
မုန်တိုင်းရာသီမကျရောက်မီ
၁။ မိုးလေဝသသတင်းများကိုဂရုစိုက်နားထောင်ရန်၊
၂။ မိမိနှင့်အနီးဆုံးတည်ရှိသော မုန်တိုင်းခိုအဆောက်အဦကို ကြိုတင်သတ်မှတ်ထားရှိရန်နှင့် ထိုနေရာသို့ ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် အမြန်ဆုံးရောက်ရှိနိုင်မည့်လမ်းကြောင်းကိုကြိုတင်ရှာဖွေထားရန်၊
၃။ ကောလဟာလသတင်းများကို နားမထောင်မိရန်၊
၄။ အရေးကြီးပစ္စည်းများပါဝင်သည့် အရေးပေါ်လက်စွဲအသုံးအဆောင် အရန်သင့်ကြိုတင်ပြင်ဆင်ထားရန်၊
၅။ မိမိအိမ်အား သေချာစွာစစ်ဆေး၍ ခိုင်ခန့်မှုမရှိသည်များကို ခိုင်ခံ့အောင် အားဖြည့်ပြုပြင်ထားရန်၊
၆။ အိမ်၊ ခြံဝင်းအတွင်း ကျိုးပဲ့နိုင်သည့် အကိုင်း၊ အခက်လက်များကို ကြိုတင်ခုတ်ထွင် ရှင်းလင်းထားရန်၊
၇။ မိမိအရပ်ဒေသသည် မုန်တိုင်းဒီရေလှိုင်းဒဏ်ကျရောက်နိုင်သည့် ဒေသဖြစ်လျှင် ကုန်းမြင့်နေရာ၊ မုန်တိုင်းခို အဆောက်အဦစသည့် ပုန်းခိုရန်နေရာအား ကြိုတင်ရှာဖွေသတ်မှတ်ထားရန်၊
၈။ အရေးပေါ်ဆက်သွယ်ရမည့် ကယ်ဆယ်ရေးအဖွဲ့၊ အရေးပေါ်အဖွဲ့၊ သတင်းအချက်အလက်ရရှိနိုင်မည့် အဖွဲ့များ ၏ ဖုန်းနံပတ်၊ နေရပ်လိပ်စာတို့ကို အလွယ်တကူထားရှိရန်၊
၉။ အစာအခြောက်များ၊ အရေးပေါ်ဆေးဝါးများ၊ သင့်လျှော်သည့် အကာအကွယ်ပစ္စည်းများကို စုဆောင်းထားရန်၊
၁၀။ အရေးပေါ်ရှာဖွေခြင်း၊ ကယ်ဆယ်ခြင်းလုပ်ငန်းများကို ကြိုတင်ပြင်ဆင်လေ့ကျင့်ထားရန်၊
မုန်တိုင်းတိုက်ခတ်လာသောအခါ
၁။ လျှပ်စစ်မီးများ၊ ဓါတ်ငွေ့ပိုက်လိုင်းများအားလုံးကို ဆက်သွယ်မှုများ ဖြတ်တောက်ပစ်ရန်၊
၂။ လေပြင်းဒဏ်ကြောင့် မိမိမှီခိုရာအဆောက်အဦ ပြိုကျနိုင်သည့် အနေအထားရှိပါက ခိုင်ခန့်သည့်စားပွဲ၊ ကုတင် များ၏ အောက်တွင် ခိုလှုံနေထိုင်ရန်၊ ခိုင်ခန့်မြဲမြန်သည့် တိုင်တစ်ခုကို တွယ်ဖက်ထားရန်၊
၃။ ဆိုးဝါးပြင်းထန်သည့် အခြေအနေကို ဖော်ပြထားသည့် မုန်တိုင်းသတိပေးချက်များ ရရှိလာသောအခါ ပင်လယ် ပြင်ထွက်၍ ငါးဖမ်းခြင်းများ မပြုုလုပ်ရန်၊
၄။ မုန်တိုင်းခိုအဆောက်အဦများသို့ အမြန်ဆုံးပြောင်းရွှေ့ခိုလှုံရန်၊
၅။ ရေဒီယိုဖြင့် နောက်ဆုံးသတင်းထုတ်ပြန်ချက်များကို အဆက်မပြတ်ဖမ်းယူနားထောင်ရန်၊
၆။ သက်ဆိုင်ရာမှ မုန်တိုင်းအန္တရာယ်ကင်းရှင်းကြောင်း ကြေငြာချက်ထုတ်ပြန်သည်အထိ အန္တရာယ်ကင်းသည့် နေရာတွင် စောင့်ဆိုင်းရန်၊
၇။ မုန်တိုင်းကျရောက်ချိန် ကားမောင်းနေပါက ကားကိုရပ်တန့်ထားရန်၊ ပင်လယ်ပြင်မှကွာလှမ်းသော နေရာ၊ သစ်ပင်ကြီးများ၊ လျှပ်စစ်ပါဝါလိုင်းများ၊ ရေလှောင်ကန်များနှင့်ဝေးကွာပါက ကားအတွင်း၌နေရန်၊
မုန်တိုင်းအန္တရာယ်ကျရောက်ပြီးပါက
၁။ သက်ဆိုင်ရာမှ မုန်တိုင်းအန္တရာယ် ကင်းရှင်းပြီဖြစ်ကြောင်း မကြေငြာမချင်း အပြင်မထွက်ရန်၊
၂။ ဓါတ်ငွေ့များ ယိုစိမ့်မှုရှိ၊ မရှိစစ်ဆေးရန်၊ ရေစိုနေသော လျှပ်စစ်ပစ္စည်းများကို အသုံးမပြုရန်၊
၃။ သက်ဆိုင်ရာမှ ကြေငြာပေးမည့် သတင်းနှင့် အကြံပြုချက်များကို ဂရုစိုက်နားထောင်ရန်၊
၄။ မိမိအား ကယ်ဆယ်ဆောင်ရွက်ပေးဖို့ လိုအပ်ပါက စောစီးစွာ ဆောင်ရွက်နိုင်ရန် မိမိအိမ်သို့ သက်ဆိုင်ရာမှ အကြံ မပြုမခြင်း ဆန္ဒစောပြီး မပြန်ရန်၊ ပြန်ပါကလည်း သတ်မှတ်ထားသည့် လမ်းကြောင်းမှသာ ပြန်ရန်၊
၅။ ကုန်းလမ်းခရီး သွားရပါက မြွေအန္တရာယ် အထူးသတိထားရန်၊
၆။ လမ်းဘေးတွင် ပြတ်ကျနေသော လျှပ်စစ်ကြိုးများကို မကိုင်မိ၊ မထိမိရန် သတိပြုပြီး နီးစပ်ရာလျှပ်စစ်ရုံးသို့ အကြောင်းကြားရန်၊
၇။ မီးဘေးအန္တရာယ် သတိပြုရန်၊
၈။ ဝမ်းပျက်ဝမ်းလျှောရောဂါ သတိပြုရန်၊
၉။ ကယ်ဆယ်ရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက်ရန်၊
မုန်တိုင်းကြောင့်ဖြစ်ပေါ်သည့်အန္တရာယ်များ
၁။ လေပြင်းတိုက်ခတ်၍ သစ်ပင်၊ အဆောက်အဦများ ပျက်စီးခြင်း၊
၂။ လေဖိအားရုတ်တရက်ကျဆင်း၍ အသက်ရှူကျပ်ခြင်း၊
၃။ ပင်လယ်ပြင်တွင် လှိုင်းတံပိုးကြီးခြင်း၊
၄။ ကမ်းရိုးတန်းဒေသတွင် ဒီလှိုင်းများလှိမ့်ဝင်ခြင်း၊ ရေထရက်နှင့်ကြုံပါက ထူးကဲဒီရေနှင့်တကွ ဒီလှိုင်းများ လှိမ့်ဝင်ခြင်း၊
၅။ လျှပ်စစ်ဓါတ်ကြောင့် သစ်ပင်များခြောက်သွေ့ကုန်ခြင်း၊
၆။ ဆားငံရေတင်၍ ရေတွင်းများ၊ လယ်ယာများ ပျက်စီးခြင်း၊
၇။ မိုးကြီးရွာ၍ လျှပ်တစ်ပျက်ရေကြီးခြင်း ဖြစ်ပေါ်ခြင်း၊
၈။ ဝမ်းရောဂါများ၊ အအေးမိဖျားနာခြင်းများ ဖြစ်ပေါ်ခြင်း၊
မုန်တိုင်းသတင်းနှင့် မုန်တိုင်းသတိပေးချက်
မြန်မာနိုင်ငံအတွက် ဘေးအန္တရာယ်မရှိလျှင် "မုန်တိုင်းသတင်း" အန္တရာယ်ရှိလျှင် "မုန်တိုင်းသတိပေးချက်"
မုန်တိုင်းအဆင့်သတ်မှတ်ခြင်း
|
စဉ် |
မုန်တိုင်းအဆင့် |
လေတိုက်နှုန်း(တစ်နာရီမိုင်) |
|
၁ |
လေဖိအားနည်းရပ်ဝန်း |
မိုင် ၂၀ အောက် |
|
၂ |
မုန်တိုင်းငယ် |
၂၀ - ၃၁ |
|
၃ |
အားကောင်းသော မုန်တိုင်းငယ် |
၃၂ - ၃၈ |
|
၄ |
ဆိုင်ကလုန်းမုန်တိုင်း |
၃၉ - ၅၄ |
|
၅ |
အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း |
၅၅ - ၇၂ |
|
၆ |
အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း |
၇၃ - ၁၃၇ |
|
၇ |
စူပါဆိုင်ကလုန်းမုန်တိုင်း |
၁၃၈ နှင့်အထက် |
မုန်တိုင်းအင်အားနှင့်ဦးတည်ရာအလိုက်အရောင်သတ်မှတ်ခြင်း
(၁) အဝါရောင်အရေးပေါ်အခြေအနေ
ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်တို့တွင် မုန်တိုင်းစတင်ဖြစ်ပေါ်သည့်အချိန်ကို အဝါရောင် အခြေအနေဟု သတ်မှတ်သည်။ အဝါရောင်အရေးပေါ်အခြေအနေကြေငြာသည့်အခါတွင် မြန်မာ့အသံနှင့် CityFM တို့မှ တစ်နာရီလျှင် (၂)ကြိမ်မှ (၃)ကြိမ်ခန့်ဖြင့်လည်းကောင်း၊ မြန်မာ့ရုပ်မြင်သံကြားနှင့် မြဝတီရုပ်မြင်သံကြားတို့မှ နေ့စဉ် မိုးလေဝသသတင်း ထုတ်ပြန်သည့်အချိန်၌လည်းကောင်း ထည့်သွင်းထုတ်လွှင့်ပေးသည်။ ၎င်းအရေးပေါ်အခြေအနေတွင် ကပ္ပလီပင်လယ်ပြင်(သို့) ဘင်္ဂလားပင်လယ်အော်၏ မည့်သည့်အပိုင်းဒေသတွင် မုန်တိုင်းစတင်ဖြစ်ပေါ်နေသည်ကို ဖော်ပြ ထားသည်။
(၂) လိမ္မော်ရောင်အရေးပေါ်အခြေအနေ
ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်တို့တွင် မုန်တိုင်းစတင်ဖြစ်ပေါ်ပြီးနောက် မြန်မာ့ကမ်းရိုးတန်း ဒေသသို့ ဦးတည်ရွေ့လျားလာမည့်အချိန်ကို လိမ္မော်ရောင်အခြေအနေဟုသတ်မှတ်သည်။ ထိုအခြေအနေတွင် မြန်မာ့အသံ မှ တစ်နာရီလျှင် (၃)ကြိမ်မှ (၄)ကြိမ်ခန့်အထိ မြန်မာ့ရုပ်မြင်သံကြား၊ MRTV4နှင့် မြဝတီရုပ်မြင်သံကြားတို့မှ အချိန်နှင့် တစ်ပြေးညီ စာတန်းထိုး၍ ကြားဖြတ်အစီအစဉ်ဖြင့် အကြာခဏထုတ်လွှင့်ပေးရမည်။
(၃) အနီရောင်အရေးပေါ်အခြေအနေ
မုန်တိုင်းမြန်မာ့ကမ်းရိုးတန်းဆီသို့ ဦးတည်ရွေ့လျားလာပြီး မြန်မာ့ကမ်းရိုးတန်းဆီသို့ မဖြတ်ကျော်မီ ၁၂ နာရီ အလိုအချိန်ကို အနီရောင်အရေးပေါ်အခြေအနေဟု သတ်မှတ်သည်။ ထိုအခြေအနေတွင် အထက်ပါအချက်အလက်များ ပါဝင်သော မုန်တိုင်းသတိပေးချက်များ မြန်မာ့အသံမှတစ်နာရီလျှင် (၃) ကြိမ်မှ (၆) ကြိမ်ခန့်အထိ၊ မြန်မာ့ရုပ်မြင်သံကြား၊ MRTV-4 နှင့် မြဝတီရုပ်မြင်သံကြားတို့မှ အချိန်နှင့်တစ်ပြေးညီ စာတန်းထိုး၍ ကြားဖြတ်အစီအစဉ်ဖြင့် မကြာခဏ ထုတ်လွှင့် ပေးရမည်။
(၄) အညိုရောင်အရေးပေါ်အခြေအနေ
မြန်မာ့ကမ်းရိုတန်းဒေသများသို့ မုန်တိုင်းဖြတ်ကျော်ဝင်ရောက်သည့်အချိန်အား အညိုရောင်အရေးပေါ်အခြေအနေ ဟု သတ်မှတ်သည်။ အဆိုပါအခြေအနေတွင် မုန်တိုင်းသတိပေးချက်အား မြန်မာ့အသံမှ တစ်နာရီလျှင် (၃) ကြိမ်မှ (၆) ကြိမ် အထိ မြန်မာ့ရုပ်မြင်သံကြား၊ MRTV-4 နှင့် မြဝတီရုပ်မြင်သံကြားတို့မှ အချိန်နှင့်တစ်ပြေးညီ စာတန်းထိုး၍ ကြားဖြတ် အစီအစဉ်ဖြင့် မကြာခဏ ထုတ်လွှင့်ပေးရမည်။
(၅) အစိမ်းရောင်အခြေအနေ
မုန်တိုင်းအားပျော့၍ မုန်တိုင်းအန္တရာယ်ကင်းရှင်းသွားသည့်အချိန်ကို အစိမ်ရောင်အခြေအနေဟု သတ်မှတ်သည်။ မုန်တိုင်းဖြတ်ကျော်ဝင်ရောက်ပြီး တစ်နာရီ (၂) ကြိမ်မှ (၃) ကြိမ်ခန့် မကြာခဏ ထုတ်လွှင့်ပေးရမည်။ မြန်မာ့ရုပ်မြင် သံကြား၊ MRTV-4 နှင့် မြဝတီရုပ်မြင်သံကြားတို့မှ အချိန်နှင့်တစ်ပြေးညီ စာတန်းထိုး၍ ကြားဖြတ်အစီအစဉ်ဖြင့် ထုတ်လွှင့် ပေးရမည်။
(၆) ၂၄နာရီသတင်းထုပ်ပြန်ခြင်း
မိုးလေဝသအထူးသတင်းထုတ်ပြန်ချက်များကို အများပြည်သူများ သိရှိနိုင်ရန်အတွက် ၂၄ နာရီသတင်း ထုတ်ပြန် နိုင်သည့် အသံလွှင့်ဌာန၊ (သို့) အသံလွှင့် Channel တစ်ခုထားရှိရမည်။ ၎င်း Channal မှ ၂၄ နာရီပါတ်လုံး မိုးလေဝသသတင်းအပြင် မိုးလေဝသအထူးသတင်းများကို လိုအပ်သလို ထုတ်ပြန်ရမည် ဖြစ်ပါသည်။
မြန်မာနိုင်ငံမုန်တိုင်းရာသီ
မြန်မာနိုင်ငံတွင် မုန်တိုင်းရာသီနှစ်ချိန်ရှိရာ မိုးကြိုကာလဖြစ်သည့် ဧပြီလလယ်မှ မေလအထိနှင့် မိုးလွန်ကာလ ဖြစ်သည့် အောက်တိုဘာလနှင့် နိုဝင်ဘာလများ၌ အများဆုံး ဖြစ်ပေါ်တက်သည်။ မုန်တိုင်းဖြစ်ပေါ်မှုသည် ဘင်္ဂလား ပင်လယ်အော်အတွင်း စတင်ဖြစ်ပေါ်လေ့ရှိပြီး မုန်တိုင်းများသည် ကနဦးတွင်အနောက်(သို့မဟုတ်) အနောက်မြောက် ဘက်သို့ ဦးတည်ရွေ့လျားပါသည်။ တစ်ခါတစ်ရံတွင်မြောက် (သို့) အရှေ့မြောက်အရပ်ဆီသို့ ပြောင်းလဲရွေ့လျားတတ်ပြီး ထိုရွေ့လျားမှုသည် မြန်မာနိုင်ငံအတွင်းသို့ မုန်တိုင်းဝင်ရောက်မှုကို ဖြစ်ပေါ်စေတက်ပါသည်။ မိုးလယ်ကာလ (ဇူလိုင်လ မှ ဩဂုတ်လအထိ)အတွင်း ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် ဖြစ်ပေါ်လေ့ရှိပြီး အနောက်မြောက်ဘက်ရှိ အိန္ဒိယ ကမ်းခြေသို့သာ ရွေ့လျားလေ့ရှိသည်။ မိုးနှောင်းကာလ (စက်တင်ဘာလနှင့် အောက်တိုဘာလ)များတွင် တောင်တရုတ် ပင်လယ်ပြင်တွင် ဖြစ်ပေါ်လေ့ရှိသည့် မုန်တိုင်းများသည် ဗီယက်နမ်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ပြီးနောက် မုန်တိုင်း အကြွင်းအကျန်များသည် အနောက်အရပ်သို့ ရွေ့လျားရာမှ ကပ္ပလီပင်လယ်ပြင်သို့ ရောက်ရှိလာပြီး မုန်တိုင်းအဖြစ် ပြန်လည် အားပျိုးလာတက်ပါသည်။

