DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၄-၅-၂၀၂၄  ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ် အနည်းငယ် ဖြစ်ထွန်းနေပါသည်။

ဆိုင်ကလုန်းမုန်တိုင်းသတင်းအမှတ်စဉ်(၀၄/၂၀၂၁)

ဆိုင်ကလုန်းမုန်တိုင်းသတင်းအမှတ်စဉ်(၀၄/၂၀၂၁)

 (၂၀၂၁ ခုနှစ်၊ မေလ(၂၄)ရက်နေ့ မြန်မာစံတော်ချိန်(၁၁:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

 

(က)    ဆိုင်ကလုန်းမုန်တိုင်းအခြေအနေ

(၁)     ယနေ့မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန် တိုင်းထွာချက်များအရဘင်္ဂလား ပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသောအားကောင်းသော မုန်တိုင်းငယ်(Deep Depression)သည် သိသိသာသာ ရွေ့လျားခြင်းမရှိဘဲ ပိုမိုအားကောင်းလာကာ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic strom) “ယာစ်(Yaas)” အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း(Cyclonicstrom) “ယာစ်(Yaas)” သည် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်း(Coco Island)မြို့၏ အနောက်မြောက်ဘက် ရေမိုင် (၂၅၀)မိုင်ခန့်၊ ပုသိမ်(Pathein)မြို့၏ အနောက်-အနောက်တောင်ဘက် ရေမိုင် (၂၉၀)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ပါရာဒစ်ရှ်(Paradip)မြို့၏ အရှေ့တောင်ဘက် ရေမိုင် (၂၉၀)မိုင်ခန့်နှင့် ဒီဂါ(Digha)မြို့၏ တောင်-အရှေ့တောင်ဘက် ရေမိုင်(၃၃၅) မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

 

(၂)       ဆိုင်ကလုန်းမုန်တိုင်း(Cyclonic strom) “ယာစ်(Yaas)”၏ လက်ရှိအခြေအနေမှာမြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင် အဆင့်ဟု သတ်မှတ်ပါသည်။

 

(ခ)     ဆိုင်ကလုန်းမုန်တိုင်း(Cyclonic strom) “ယာစ်(Yaas)”၏တည်နေရာ၊ ဗဟိုချက် လေဖိအားနှင့် လေတိုက်နှုန်း

         

အဆိုပါဆိုင်ကလုန်းမုန်တိုင်း(Cyclonic strom) “ယာစ်(Yaas)”သည် မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု(၁၆.၄)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၉.၇) ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၉၂)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက် နှုန်းမှာ တစ်နာရီလျှင် (၅၅)မိုင်နှုန်း ဖြစ်ပါသည်။

 

(ဂ)      နောက်(၄၈)နာရီအတွင်းခန့်မှန်းချက်

                                    အဆိုပါဆိုင်ကလုန်းမုန်တိုင်း(Cyclonic strom) “ယာစ်(Yaas)”သည်မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားပြီး၊ ပိုမိုအားကောင်းလာကာနောက်(၂၄)နာရီအတွင်းအားကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic strom)“ယာစ်(Yaas)”အဖြစ်သို့လည်းကောင်း၊ နောက်(၄၈)နာရီအတွင်းအားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Very Severe Cyclonic Storm)“ယာစ်(Yaas)”အဖြစ်သို့လည်းကောင်းရောက်ရှိနိုင်သည်ဟုခန့်မှန်းရပါသည်။

 

(ဃ)    သတိပေးနှိုးဆော်ချက်  

ဆိုင်ကလုန်းမုန်တိုင်း(Cyclonic strom) “ယာစ်(Yaas)”၏အရှိန်ကြောင့် ယနေ့နံနက်မှ နောက်(၄၈)နာရီအတွင်းပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ကာ၊ မုတ္တမကွေ့၊ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၃)ပေခန့် ရှိနိုင်ပါသည်။

(င)     အကြံပြုချက်

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic strom) “ယာစ်(Yaas)”၏ အရှိန်ကြောင့် မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းများဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိကမ်းနီး၊ကမ်းဝေးငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောများအနေဖြင့်လည်းကြိုတင် သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။