DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂-၅-၂၀၂၄  ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့ တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့ တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

ဆိုင်ကလုန်းမုန်တိုင်းသတင်းအမှတ်စဉ်(၀၆/၂၀၂၁)

ဆိုင်ကလုန်းမုန်တိုင်းသတင်းအမှတ်စဉ်(၀၆/၂၀၂၁)

(၂၀၂၁ ခုနှစ်၊ မေလ(၂၄)ရက်နေ့ မြန်မာစံတော်ချိန်(၁၉:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

(က)    ဆိုင်ကလုန်းမုန်တိုင်းအခြေအနေ

(၁)     ယနေ့မြန်မာစံတော်ချိန် (၁၇:၃၀)နာရီအချိန် တိုင်းထွာချက်များအရဘင်္ဂလား ပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) “ယာစ်(YAAS)”သည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်း(Coco Island)မြို့၏ အနောက်မြောက်ဘက် ရေမိုင် (၂၉၅)မိုင်ခန့်၊ ပုသိမ်(Pathein)မြို့၏ အနောက်ဘက် ရေမိုင် (၃၂၀)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ပါရာဒစ်ရှ်(Paradip)မြို့၏ အရှေ့တောင်ဘက် ရေမိုင် (၂၅၀)မိုင်ခန့်နှင့် ဒီဂါ(Digha)မြို့၏ တောင်-အရှေ့တောင်ဘက် ရေမိုင်(၂၉၅) မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

(၂)       ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “ယာစ်(YAAS)”၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။

(ခ)     ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “ယာစ်(YAAS)”၏တည်နေရာ၊ ဗဟိုချက် လေဖိအားနှင့် လေတိုက်နှုန်း

          အဆိုပါဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “ယာစ်(YAAS)”သည် မြန်မာစံတော်ချိန် (၁၇:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု(၁၇.၀)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၉.၂) ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၉၀)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင်မိုင်(၆၀)နှုန်း ဖြစ်ပါသည်။

(ဂ)      နောက်(၃၆)နာရီအတွင်းခန့်မှန်းချက်

                                    အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “ယာစ်(YAAS)”သည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားပြီးပိုမိုအားကောင်းလာကာနောက်(၁၂)နာရီအတွင်း အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) “ယာစ် (YAAS)”အဖြစ်သို့လည်းကောင်း၊ နောက်(၃၆) နာရီအတွင်းအားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Very Severe Cyclonic Storm) “ယာစ်(YAAS)”အဖြစ်သို့လည်းကောင်းရောက်ရှိနိုင်သည်ဟုခန့်မှန်းရပါသည်။

(ဃ)    သတိပေးနှိုးဆော်ချက်  

(၁)     ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “ယာစ်(YAAS)”၏အရှိန်ကြောင့် ယနေ့ ညမှ  နောက်(၄၈)နာရီအတွင်းပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးနိုင်ပါသည်။

(၂)      မြစ်ဝကျွန်းပေါ်၊ ရခိုင် ကမ်းရိုးတန်းတစ်လျောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအလွန်ကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)မှ (၄၅)မိုင်အထိတိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ(၁၃)ပေမှ (၁၇)ပေခန့်ရှိနိုင်ပါ သည်။

(၃)     မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ပါ သည်။  မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်မှ မိုင် (၄၀)အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ ()ပေမှ (၁၃)ပေခန့်ရှိနိုင်ပါသည်။

(င)     အကြံပြုချက်

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) “ယာစ်(YAAS)”၏ အရှိန်ကြောင့် မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းများဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိကမ်းနီး၊ကမ်းဝေးငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောများအနေဖြင့်လည်းကြိုတင် သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။