DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၉-၄-၂၀၂၄  ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ် အနည်းငယ် ဖြစ်ထွန်းနေပါသည်။

ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၁၄/၂၀၂၃)

ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၁၄/၂၀၂၃)

(၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ  ၂၅ ရက်နေ့ မြန်မာစံတော်ချိန်(၀၄:၃၀)နာရီအချိန်ထုတ်ပြန်ချက်)

(­­­က)     ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)“ဟမွန်း” (HAMOON) အခြေအနေ

(၁)      ယနေ့မြန်မာစံတော်ချိန် (၀၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အရှေ့မြောက်ပိုင်းတွင်  ဖြစ်ပေါ်နေသော အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) “ဟမွန်း” (HAMOON) သည် အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “ဟမွန်း” (HAMOON) အဖြစ်သို့ အားလျော့သွားခဲ့ကာ ဘင်္ဂလားဒေ့ရှ် နိုင်ငံကမ်းခြေကို စစ်တကောင်းမြို့(Chittagong) တောင်ဘက်အနီးမှ ဖြတ်ကျော် လျက်ရှိပါသည်။

(၂)      ဆိုင်ကလုန်းမုန်တိုင်း“ဟမွန်း”(HAMOON)၏ လက်ရှိအခြေအနေမှာ မြန်မာ နိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင် အဆင့်ဟု သတ်မှတ်သော်လည်း မြန်မာနိုင်ငံ၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် မြောက်ပိုင်းတို့သည် ဆိုင်ကလုန်းမုန်တိုင်း  “ဟမွန်း” (HAMOON)၏ အဝန်း အဝိုင်းအတွင်းသို့ ကျရောက်နေပါသဖြင့် ဆိုင်ကလုန်းမုန်တိုင်း “ဟမွန်း” (HAMOON)၏ သက်ရောက်မှုကို ခံစားရနိုင်ပါသည်။

(ခ)      ဆိုင်ကလုန်းမုန်တိုင်း“ဟမွန်း”(HAMOON)၏ တည်နေရာ၊ ဗဟိုချက် လေဖိအားနှင့် လေတိုက်နှုန်း

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “ဟမွန်း” (HAMOON)သည် မြန်မာစံတော်ချိန် (၀၃:၃၀) နာရီအချိန်တွင် မြောက်လတ္တီကျု (၂၁.၉)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၉၁.၉)ဒီဂရီ တွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၉၆)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံး လေတိုက်နှုန်း မှာ တစ်နာရီလျှင် (၄၅)မိုင်မှ မိုင်(၅၀)နှုန်းခန့် ဖြစ်ပါသည်။

 (ဂ)      နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “ဟမွန်း” (HAMOON)သည် အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး၊ ကုန်းတွင်းမုန်တိုင်းအဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အိန္ဒိယ နိုင်ငံ၊ မီဇိုရမ်ပြည်နယ်တို့ကို ဖြတ်ကျေိာ်နိုင်သည်ဟု ခန့်မှန်းရပါသည်။ ထို့နောက် အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ကုန်းတွင်းမုန်တိုင်းငယ်အနေဖြင့် လည်းကောင်း၊ အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံ၊ ချင်း ပြည်နယ်နယ်စပ်ဒေသများတွင် အားကောင်းသောလေဖိအားနည်းရပ်ဝန်းအနေဖြင့် လည်းကောင်း အားလျော့သွားနိုင်သည်ဟု ခန့်မှန်းရပါသည်။

(ဃ)   သတိပေးနှိုးဆော်ချက်

ဆိုင်ကလုန်းမုန်တိုင်း “ဟမွန်း”(HAMOON)၏ အရှိန်ကြောင့် ယနေ့နံနက်မှ (၂၆.၁၀.၂၀၂၃) ရက်နေ့အတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)၊ ချင်းပြည်နယ် နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာအနှံ့အပြားနှင့် နေပြည်တော်နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်း ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရခိုင်ကမ်းရိုးတန်းတစ်​လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင် လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ ရခိုင် ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၂)ပေခန့် ရှိနိုင်ပါသည်။

အကြံပြုချက် 

၂။       သို့ဖြစ်ပါ၍ ဆိုင်ကလုန်းမုန်တိုင်း “ဟမွန်း” (HAMOON)၏ အရှိန်ကြောင့် လေပြင်း တိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ ရခိုင် ကမ်းရိုးတန်းတစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့် ပြည်တွင်း လေကြောင်းပျံသန်းရေးနှင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။