နေ့စဉ်မိုးလေဝသသတင်း
(၂၀၂၅ ခုနှစ်၊ မေလ ၂၆ ရက်နေ့ မွန်းလွဲ ၂:၀၀ နာရီအချိန် ထုတ်ပြန်ချက်)
ယမန်နေ့နံနက် ၀၉:၃၀ နာရီအချိန်မှ ယနေ့နံနက် ၀၉:၃၀ နာရီအချိန်အထိ မိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော ၂၄ နာရီအတွင်းက ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် နေရာကျဲကျဲ၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာခဲ့ပြီး၊ မကွေး တိုင်းဒေသကြီးတွင် ဒေသအလိုက်နှင့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတို့တွင် နေရာ ကွက်၍ မိုးကြီးခဲ့ပါသည်။ နေ့အပူချိန်များမှာ ကရင်ပြည်နယ်တွင် မေလ၏ ပျမ်းမျှအပူချိန်ထက် ၃ ဒီဂရီဆဲလ်စီးယပ်နှင့် ရခိုင်ပြည်နယ်တွင် မေလ၏ ပျမ်းမျှအပူချိန်ထက် ၂ ဒီဂရီဆဲလ်စီးယပ်ပိုခဲ့ပြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)တို့တွင် မေလ၏ ပျမ်းမျှအပူချိန်တို့အောက် ၂ ဒီဂရီဆဲလ်စီးယပ်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် မေလ၏ ပျမ်းမျှအပူချိန်တို့အောက် ၃ ဒီဂရီဆဲလ်စီးယပ်မှ ၄ ဒီဂရီဆဲလ်စီးယပ်အထိ၊ စစ်ကိုင်းတိုင်းဒေသ ကြီးအထက်ပိုင်းနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် မေလ၏ ပျမ်းမျှအပူချိန်တို့အောက် ၅ ဒီဂရီဆဲလ်စီးယပ်မှ ၆ ဒီဂရီဆဲလ်စီးယပ်အထိနှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတွင် မေလ၏ ပျမ်းမျှအပူချိန်အောက် ၇ ဒီဂရီဆဲလ်စီးယပ်လျော့နည်းခဲ့ကာ၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် မေလ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့ပါသည်။ ၂၅-၅-၂၀၂၅ ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သော ထူးခြားသည့် နေ့အပူချိန်များမှာ ညောင်လေးပင်မြို့တွင် ၃၈.၉ ဒီဂရီဆဲလ်စီးယပ်၊ မင်းဘူးမြို့တွင် ၃၇.၄ ဒီဂရီဆဲလ်စီးယပ်၊ မကွေးမြို့တွင် ၃၇.၀ ဒီဂရီဆဲလ်စီးယပ်၊ အောင်လံမြို့တွင် ၃၆.၄ ဒီဂရီဆဲလ်စီးယပ်၊ ကော့ကရိတ်မြို့တွင် ၃၆.၀ ဒီဂရီဆဲလ်စီးယပ်၊ ချောက်မြို့တွင် ၃၅.၈ ဒီဂရီဆဲလ်စီးယပ်၊ ဆင်ဖြူကျွန်းမြို့တွင် ၃၅.၇ ဒီဂရီဆဲလ်စီးယပ်၊ တောင်တွင်းကြီးမြို့တွင် ၃၅.၅ ဒီဂရီဆဲလ်စီးယပ်နှင့် တောင်ငူ(လေကြောင်းမိုးလေဝသ)နှင့် ဘားအံမြို့တို့တွင် ၃၅.၃ ဒီဂရီဆဲလ်စီးယပ်စီတို့ ဖြစ်ကြပါသည်။ မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ တောင်ငူ(လေကြောင်းမိုးလေဝသ)တွင် ၃.၉၄ လက်မ၊ လှည်းကူးမြို့တွင် ၃.၁၁ လက်မ၊ တောင်ငူမြို့နှင့် ပေါင်မြို့တို့တွင် ၂.၆၈ လက်မစီ၊ ကိုကိုးကျွန်းမြို့တွင် ၂.၄၄ လက်မ၊ ခရမ်းမြို့တွင် ၂.၄၀ လက်မ၊ ချောက်မြို့တွင် ၂.၃၆ လက်မ၊ ဧလာမြို့တွင် ၂.၂၈ လက်မ၊ ဖောင်းပြင်မြို့တွင် ၂.၂၀ လက်မ၊ ရွာငံမြို့တွင် ၂.၁၇ လက်မနှင့် မြင်းခြံမြို့တွင် ၂.၁၃ လက်မတို့ ဖြစ်ကြပါသည်။
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်း နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေပါသည်။
မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာပြီး၊ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ။ ရန်ကုန်တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး၊ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုး ပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်း များကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၉ ပေမှ ၁၃ ပေခန့် ရှိနိုင်ပါသည်။
နောက် ၂ ရက်အတွက်ခန့်မှန်းချက်။ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးထစ်ချုန်းပြီး နေရာကွက်၍ မိုးကြီးနိုင်ပါသည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ မိုးအသင့်အတင့် ထစ်ချုန်းရွာပြီး၊ တစ်ခါတစ်ရံ သည်းထန်နိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ မိုးအသင့်အတင့် ထစ်ချုန်းရွာပြီး၊ တစ်ခါတစ်ရံ သည်းထန်နိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။