DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၃-၁၁-၂၀၂၅: ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော မြန်မာနိုင်ငံ၊ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းဒေသအနီးတွင် ဖြစ်ပေါ် နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area) သည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်း ရပ်ဝန်းသည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး နောက် ၃၆ နာရီအတွင်း ဘင်္ဂလားပင်လယ်အော်အရှေ့ အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်း၊ မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော မြစ်ဝကျွန်းပေါ် ကမ်းလွန်ဒေသများသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်း၊ ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် တိမ်ထူထပ်နေပြီး ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

 

မိုးကြီးမည့်သတိပေးချက် အမှတ်စဉ်(၄/၂၀၂၅)

မိုးကြီးမည့်သတိပေးချက် အမှတ်စဉ်(၄/၂၀၂၅)

၂၀၂၅ ခုနှစ်၊ မေလ ၁၀ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၇:၃၀ နာရီအချိန် ထုတ်ပြန်ချက်

“ယနေ့မြန်မာစံတော်ချိန် ၁၆:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် လေထုမငြိမ်မသက်မှုများ ဖြစ်ပေါ်လာနိုင်ခြင်း ကြောင့်လည်းကောင်း၊ မုတ်သုံလေဝင်ရောက်လာနိုင်ခြင်းကြောင့်လည်းကောင်း၊ အပူပျံတက် တိမ်များ ဖြစ်ထွန်းမှုအားကောင်းခြင်းကြောင့်လည်းကောင်း  ယနေ့ညနေမှ ၁၈-၅-၂၀၂၅ ရက်နေ့ အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။”

အကြံပြုချက်  

           သို့ဖြစ်ပါ၍ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် အဆိုပါဒေသများရှိ ကုန်းမြင့်ဒေသအနီးတွင် နေထိုင် ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေးနှင့် လေကြောင်းပျံသန်းရေးအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် သတိပေးနှိုးဆော်အပ်ပါသည်။