DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၅-၄-၂၀၂၄  ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊  ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

မုန်တိုင်းငယ်သတင်းအမှတ်စဉ်(၀၃/၂၀၂၂)

မုန်တိုင်းငယ်သတင်းအမှတ်စဉ်(၀၃/၂၀၂၂)

(၂၀၂၂ ခုနှစ်၊ ဩဂုတ်  ၁၉  ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်

 

(က)    မုန်တိုင်းငယ်(Depression)အခြေအနေ

(၁)     ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသောမုန်တိုင်းငယ်(Depression)သည် မြန်မာနိုင်ငံ၊ မောင်တော(Maungdaw)မြို့၏ အနောက်ဘက် ရေမိုင်(၂၀၀)မိုင်ခန့်၊ စစ်တွေ(Sittwe)မြို့၏ အနောက်-အနောက်မြောက်ဘက်ရေမိုင် (၂၃၀)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ဘလာဆော(Balasore)မြို့၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင်(၁၁၅)မိုင်ခန့်၊ ဒီဂါ(Digha)မြို့၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင်(၈၅)မိုင်ခန့်၊ဆါဂါကျွန်း (Sagar Islands)၏ အရှေ့ဘက် ရေမိုင် (၆၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

(၂)      မုန်တိုင်းငယ်(Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ် ပါသည်။

(ခ)     မုန်တိုင်းငယ်(Depression)၏တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

အဆိုပါ မုန်တိုင်းငယ်(Depression)သည် မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန်တွင်မြောက်လတ္တီကျု(၂၁.၁)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၈.၉)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက် လေဖိအား(၉၉၄)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၃၈)မိုင်နှုန်းခန့် ဖြစ်ပါသည်။

(ဂ)     နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်

အဆိုပါ မုန်တိုင်းငယ်(Depression)သည်အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး၊ ပိုမိုအားကောင်းလာကာနောက်(၆)နာရီအတွင်းအားကောင်းသောမုန်တိုင်းငယ် (Deep Depression) အဖြစ်သို့ ရောက်ရှိနိုင်ပြီး၊ နောက်(၁၈)နာရီအတွင်းအိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်နှင့် ဩရိဿပြည်နယ်ကမ်းခြေကိုဘလာဆော(Balasore)မြို့နှင့် ဆါဂါကျွန်း (Sagar Islands)တို့အကြားမှ  ဖြတ် ကျော်နိုင်သည်ဟုခန့်မှန်းရပါသည်။

(ဃ)    သတိပေးနှိုးဆော်ချက် 

          အဆိုပါ မုန်တိုင်းငယ်(Depression)၏ အရှိန်ကြောင့် ယနေ့မွန်းလွဲမှ (၂၀.၈.၂၀၂၂) ရက်နေ့အတွင်းပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍မိုးကြီးခြင်းများနှင့်အတူလေပြင်းတိုက်ခတ်ခြင်းများဖြစ်ပေါ်နိုင်ပါသည်။မုတ္တမကွေ့၊မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီးလှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိတိုက်ခတ်နိုင်ပါသည်။လှိုင်းအမြင့်မှာမုတ္တမကွေ့၊မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၃)ပေခန့်ရှိနိုင်ပါသည်။

(င)      အကြံပြုချက်

သို့ဖြစ်ပါ၍ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့်မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေးနှင့် လေကြောင်းပျံသန်းရေးအနေဖြင့်လည်းကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။