DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

 ၁၅-၅-၂၀၂၄ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် အနောက်အလယ်ပိုင်းတို့တွင် တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလား ပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၇/၂၀၂၂)

မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၇/၂၀၂၂)

 (၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ  ၂၄ ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

 

(­­­က)    မုန်တိုင်းငယ်အခြေအနေ

(၁)     ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression)သည် အနောက်-အနောက်တောင်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့(Coco Island)၏ အနောက်တောင်ဘက် ရေမိုင် (၆၁၀)မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့ (Hainggyikyun)၏ အနောက်တောင်ဘက် ရေမိုင်(၇၁၀)မိုင်ခန့်၊ သီရိလင်္ကာနိုင်ငံ၊ ထရီကိုမာလီမြို့(Trincomalee)၏ အရှေ့-အရှေ့မြောက်ဘက် ရေမိုင်(၁၇၅)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ နာဂါပတ္တနမ် မြို့(Nagappattinam)၏ အရှေ့ဘက် ရေမိုင်(၂၃၀)မိုင်ခန့်နှင့် ချင်းနိုင်မြို့ (Chennai)၏ အရှေ့တောင်ဘက် ရေမိုင်(၂၆၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

(၂)      မုန်တိုင်းငယ်(Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ် ပါသည်။

(ခ)     မုန်တိုင်းငယ်၏တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

အဆိုပါ မုန်တိုင်းငယ်(Depression)သည် မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန်တွင်  မြောက်လတ္တီကျု(၁၀.၃)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၃.၇)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်  လေဖိအား(၁၀၀၄)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင်  မိုင်(၃၀)မှ (၃၅)မိုင်နှုန်းခန့် ဖြစ်ပါသည်။

 (ဂ)     နောက်(၃၆)နာရီအတွင်းခန့်မှန်းချက်

အဆိုပါ မုန်တိုင်းငယ်(Depression)သည် အနောက်-အနောက်တောင်ဘက်သို့ ဆက်လက် ရွေ့လျားနိုင်ပြီး၊ (၂၅.၁၂.၂၀၂၂)ရက်နေ့တွင် သီရိလင်္ကာနိုင်ငံကမ်းရိုးတန်းသို့ ရောက်ရှိ နိုင်သည်ဟု ခန့်မှန်းရပါသည်။

 (ဃ)  သတိပေးနှိုးဆော်ချက် 

အဆိုပါ မုန်တိုင်းငယ်(Depression)၏ အရှိန်ကြောင့် ယနေ့မွန်းလွဲမှ နောက်(၄၈)နာရီ အတွင်း နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင် ပိုင်းနှင့် အရှေ့ပိုင်း)နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါသည်။ မြန်မာ့ကမ်းရိုးတန်းတစ်​လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည် မိုးသက် လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၃၀)မှ (၃၅)မိုင် အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်​လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် (၆)ပေမှ (၉)ပေခန့် ရှိနိုင်ပါသည်။

 

 (င)    အကြံပြုချက်

သို့ဖြစ်ပါ၍ မုန်တိုင်းငယ်(Depression)၏ အရှိန်ကြောင့် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြု နေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများ အနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။