DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၆-၁၀-၂၀၂၅: ယနေ့မြန်မာစံတော်ချိန် ၁၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသောမုန်တိုင်းငယ် (Deep Depression)သည် အနောက်-အနောက် မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ အားကောင်းသောမုန်တိုင်းငယ်သည် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်း မြို့(Coco Island)၏ အနောက်တောင်ဘက် ရေမိုင် ၄၁၅ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့(Chennai)၏ အရှေ့-အရှေ့ တောင်ဘက် ရေမိုင် ၄၀၅ မိုင်ခန့်၊ ကာကီနာဒါမြို့(Kakinada)၏ အရှေ့တောင်ဘက်‌ ရေမိုင် ၄၃၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ အားကောင်းသောမုန်တိုင်းငယ်သည် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျား နိုင်ပြီး နောက် ၂၄ နာရီအတွင်း ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အနောက်အလယ်ပိုင်း တို့တွင် ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)အဖြစ်သို့လည်းကောင်း၊  ၂၈-၁၀-၂၀၂၅ ရက်နေ့၌ အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်း (Severe Cyclonic Storm) အဖြစ်သို့လည်းကောင်း  ရောက်ရှိနိုင်ကာ ယင်းနေ့ညပိုင်းတွင် အင်ဒရာပရာဒေ့ရှ်ကမ်းခြေကို ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကပ္ပလီ ပင်လယ်ပြင်မြောက်ပိုင်းနှင့် ဘင်္ဂလားအရှေ့အလယ်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေကာ ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်ထူထပ်နေပါသည်။

 

လေဖိအားနည်းရပ်ဝန်းနှင့် ပတ်သက်သည့် သတိပေးချက် အမှတ်စဉ် (၀၆/၂၀၂၀)

လေဖိအားနည်းရပ်ဝန်းနှင့် ပတ်သက်သည့် သတိပေးချက် အမှတ်စဉ် (၀၆/၂၀၂၀)

(၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ ၁၉ ရက်)

(မြန်မာစံတော်ချိန်(၁၉:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

         

လေဖိအားနည်းရပ်ဝန်းအခြေအနေ

၁။       ယနေ့မြန်မာစံတော်ချိန် (၁၈:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ထိုင်း-မြန်မာနယ်စပ်အနီး တွင် ရောက်ရှိနေသော လေဖိအားနည်းရပ်ဝန်းသည် မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်သို့ ရောက်ရှိခဲ့ပြီး၊  အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ တစ်ဖြည်းဖြည်းအားလျော့သွားမည် ဟု ခန့်မှန်းရပါသည်

သတိပေးနှိုးဆော်ချက်  

 ၂။      အဆိုပါ လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် ယနေ့ည(၂၂.၉.၂၀၂၀)ရက်နေ့အတွင်း နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသ အလိုက် မိုးကြီးခြင်းနှင့် နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။

အကြံပြုချက်

 ၃။     သို့ဖြစ်ပါ၍ လေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့် မိုးသည်းထန်စွာ ထစ်ချုန်းရွာသွန်းခြင်းနှင့် အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်း၊ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်သူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သော ကြောင့် ကြိုတင်သတိပြုနေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။