အားကောင်းသောလေဖိအားနည်းရပ်ဝန်းအခြေအနေ
(၂၀၂၂ခုနှစ်၊ဒီဇင်ဘာလ ၆ ရက်နေ့မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
(က) အားကောင်းသောလေဖိအားနည်းရပ်ဝန်းအခြေအနေ
ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသောအားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)သည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါအားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ယနေ့ညပိုင်း၌ မုန်တိုင်းငယ်(Depression)အဖြစ်သို့လည်းကောင်း၊ (၇.၁၂.၂၀၂၂)ရက်နေ့၌ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)အဖြစ်သို့လည်းကောင်းပိုမိုအားကောင်းလာနိုင်ကာ၊ (၈.၁၂.၂၀၂၂) ရက်နေ့၌ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်း(အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူးမြောက်ပိုင်းကမ်းလွန်-ပူဒူချယ်ရီနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသောအင်ဒရာပရာဒေ့ရှ်တောင်ပိုင်းကမ်းခြေ) သို့ရောက်ရှိနိုင်သည်ဟုခန့်မှန်းရပါသည်။
(ခ) သတိပေးနှိုးဆော်ချက်
အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)၏အရှိန်ကြောင့် ယနေ့မွန်းလွဲမှ နောက်(၇၂)နာရီအတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် နေရာကျဲကျဲနှင့် နေပြည်တော်၊မကွေးတိုင်းဒေသကြီး၊ရှမ်းပြည်နယ်(တောင်ပိုင်းနှင့်အရှေ့ပိုင်း)၊ ရခိုင်ပြည်နယ်၊ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျားမိုးထစ်ချုန်းရွာနိုင်ပါသည်။မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီးလှိုင်းကြီးမည်။မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည်တစ်နာရီလျှင် မိုင်(၄၀)အထိတိုက်ခတ်နိုင်ပါသည်။ ကျန်မြန်မာ့ပင်လယ်ပြင်တွင်လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာမြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ(၁၁)ပေခန့်နှင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၅)ပေမှ (၇)ပေခန့် ရှိနိုင်ပါသည်။
(ဂ) အကြံပြုချက်
သို့ဖြစ်ပါ၍အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low PressureArea) ၏အရှိန်ကြောင့်မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်း၊မိုးထစ်ချုန်းခြင်းများဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့်ပြည်တွင်းလေကြောင်းပျံသန်းရေး၊မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့ရှိကမ်းနီး၊ကမ်းဝေးငါးဖမ်းရေယာဉ်များ၊သင်္ဘောများအနေဖြင့်လည်းကြိုတင်သတိပြုနိုင်ပါရန်အသိပေးနှိုးဆော်အပ်ပါသည်။