အားကောင်းသောအပူပိုင်းမုန်တိုင်း “ဖန်ရှန်” အခြေအနေသတင်း အမှတ်စဉ် (၀၅/၂၀၂၅)
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့ မြန်မာစံတော်ချိန် ၁၂:၀၀ နာရီအချိန် ထုတ်ပြန်ချက်
(က) အားကောင်းသောအပူပိုင်းမုန်တိုင်း “ဖန်ရှန်” (FENGSHEN) အခြေအနေ
ယနေ့မြန်မာစံတော်ချိန် ၁၀:၃၀ နာရီအချိန် တိုင်းထွာချက်များအရ တောင်တရုတ် ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော အားကောင်းသောအပူပိုင်းမုန်တိုင်း “ဖန်ရှန်” (FENGSHEN) သည် အနောက်-အနောက်တောင်ဘက်သို့ ရွေ့လျားခဲ့ပြီး ဗီယက်နမ် နိုင်ငံ၊ ဒါနန်းမြို့ (Da Nang) ၏ အရှေ့မြောက်ဘက် ရေမိုင် ၁၄၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။
(ခ) အားကောင်းသောအပူပိုင်းမုန်တိုင်း “ဖန်ရှန်”၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
အဆိုပါ အားကောင်းသောအပူပိုင်းမုန်တိုင်း “ဖန်ရှန်” သည် မြန်မာစံတော်ချိန် ၁၀:၃၀ နာရီ အချိန်တွင် မြောက်လတ္တီကျု ၁၇.၁ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၁၁၀.၄ ဒီဂရီတွင်ရှိပြီး ဗဟိုချက်လေဖိအား ၉၉၀ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၆၀ နှုန်းခန့် ဖြစ်ပါသည်။
(ဂ) နောက် ၄၈ နာရီအတွင်းခန့်မှန်းချက်
အဆိုပါ အားကောင်းသောအပူပိုင်းမုန်တိုင်း“ဖန်ရှန်”သည် အနောက်-အနောက်တောင် ဘက်သို့ ရွေ့လျားနိုင်ပြီး နောက် ၂၄ နာရီအတွင်း ဗီယက်နမ်နိုင်ငံအလယ်ပိုင်းကမ်းခြေ ဒေသများကို ဒါနန်းမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်နိုင်ပါသည်။ ထိုမှတစ်ဆင့် ၂၄-၁၀-၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် ဗီယက်နမ်နိုင်ငံကုန်းတွင်းပိုင်းဒေသများမှ တစ်ဆင့် လာအိုနိုင်ငံ ကို အပူပိုင်းမုန်တိုင်းအဖြစ်ဖြင့် ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။



