DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

Main menu

၂၁-၂-၂၀၂၆ ယနေ့မြန်မာစံတော်ချိန် ၁၇:၃၀ နာရီအချိန် တိုင်းထွာချက်များအရ အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area) သည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်း သည် အနောက်- အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး နောက်၂၄ နာရီအတွင်း ဘင်္ဂလားပင်လယ်အော်အနောက် တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာတို့သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်း ရပါသည်။ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်း နေပြီး ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအတွင်း ‌ဖြစ်ပေါ်လာနိုင်သည့် လာနီညာအခြေအနေသတင်း (၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ  ၁၅ ရက်)

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအတွင်း ‌ဖြစ်ပေါ်လာနိုင်သည့် လာနီညာအခြေအနေသတင်း

(၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ  ၁၅  ရက်)

(က)    အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ (Tropical Pacific Ocean)၏ ပင်လယ်ရေ မျက်နှာပြင်အပူချိန်နှင့် လေထုဖြစ်စဉ်များအရ လက်ရှိတွင် အားအသင့်အတင့်ရှိသော လာနီညာအခြေအနေတွင် ရှိနေပါသည်။ နိုင်ငံတကာ မိုးလေဝသဌာနများ၏ သင်္ချာပုံစံပြု မော်ဒယ်များ ခန့်မှန်းချက်အရ ဇန်နဝါရီလအတွင်း အားအသင့်အတင့်ရှိသော လာနီညာ အဆင့်တွင် ဆက်လက်တည်ရှိနိုင်ပြီး၊ ဖေဖော်ဝါရီလတွင် အားအနည်းငယ်ရှိသော လာနီညာ အဆင့်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။

(ခ)     လာနီညာဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်သည့်ဖြစ်စဉ်ဖြစ်သော်လည်း အဆိုပါ လာနီညာဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုမှာ ယေဘုယျအားဖြင့် အရှေ့မြောက်မုတ်သုံလေ အားကောင်းမှုကြောင့် မြန်မာနိုင်ငံတွင် ညအပူချိန်များ လျော့နည်းခြင်း၊ အအေးပိုခြင်း၊ အရှေ့ဘက်မှ လေပွေလှိုင်းများ တိုက်ခတ်ခြင်း၊ အချိန်အခါမဟုတ် မိုးရွာသွန်းမှုဖြစ်စဉ်များ ဖြစ်ပေါ်ခြင်းစသည့် ရာသီဉတုဖြစ်စဉ်များ ဖြစ်ပေါ်လေ့ရှိပါသည်။

(ဂ)     လာနီညာဖြစ်ပေါ်မှုနှင့် ပတ်သက်သည့် အခြေအနေများအား အချိန်နှင့်တစ်ပြေးညီ ဆက်လက်ထုတ်ပြန် ပေးပို့သွားမည် ဖြစ်ပါသည်။