(၆၆) ကြိမ်မြောက် ကမ္ဘာ့မိုးလေဝသနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပခြင်း
နေပြည်တော်
(၆၆) ကြိမ်မြောက် ကမ္ဘာ့မိုးလေဝသနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၅)၌ ကျင်းပပါသည်။ အခမ်းအနားသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ လုပ်ငန်းနယ်ပယ်နှင့် သက်ဆိုင်သောဌာနများမှ အကြီးအကဲများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်သည်။
ဖွင့်ပွဲအခမ်းအနား၌ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းက အဖွင့်အမှာစကားပြောကြားရာတွင် ကမ္ဘာ့မိုးလေဝသနေ့ အထိမ်းအမှတ်အခမ်းအနားများအား နှစ်စဉ် မတ်လ ၂၃ ရက်နေ့ ရောက်တိုင်း ကမ္ဘာတစ်ဝန်းလုံးတွင် ကျင်းပပြုလုပ်ပါကြောင်း၊ ယခု ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့မိုးလေဝသနေ့ ဆောင်ပုဒ်သည် “သဘာဝဘေးကာကွယ်ဖို့ နေ့စဉ်တိုင်းတာစောင့်ကြည့်စို့” (Observing Today, Protecting Tomorrow) ဖြစ်ပါကြောင်း၊ လက်ရှိကမ္ဘာတစ်ဝန်းတွင် မြေငလျင်လှုပ်ခြင်း၊ ရေကြီးခြင်း၊ လေမုန်တိုင်းတိုက်ခတ်ခြင်းနှင့် တောမီးလောင်ကျွမ်းခြင်းများကဲ့သို့သော သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားမှုတိုးလာနေပါသဖြင့် နေ့စဉ်စောင့်ကြည့်တိုင်းတာခြင်းနှင့်အတူ ကြိုတင်ပြင်ဆင်ခြင်းဖြင့် ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များကို ကာကွယ်ရန် အရေးကြီးပါကြောင်း၊ သဘာဝဘေးအန္တရာယ်များကို ကာကွယ်နိုင်ရန်အတွက် မိုးလေဝသနှင့်ဇလဗေဒသတင်းများကို နေ့စဉ်စောင့်ကြည့်ပြီး ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရာတွင် အရေးကြီးဆုံးအချက်မှာ "တိကျသော တိုင်းတာရေး မှတ်တမ်းအချက်အလက်" များသာဖြစ်ပါကြောင်း၊ သဘာဝဘေးကာကွယ်ရေးသည် အစိုးရ သို့မဟုတ် အဖွဲ့အစည်း တစ်ခုချင်းစီတို့မှ ဆောင်ရွက်ခြင်းထက် ပြည်သူအားလုံးက ပူးပေါင်းပါဝင်ခြင်းဖြင့် အနာဂတ်ကာလများတွင် သဘာဝဘေးအန္တရာယ်များကြောင့် အသက်၊ အိုးအိမ် ပျက်စီးဆုံးရှုံးမှုများကို ကာကွယ်နိုင်မည် ဖြစ်ပါသောကြောင့် သဘာဝဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်း များတွင် အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုပါကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။
ထို့နောက် ဒုတိယဝန်ကြီးက ကမ္ဘာ့မိုးလေဝသနေ့ အထိမ်းအမှတ်အခမ်းအနား ဆောင်းပါး ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို ဆုများချီးမြှင့်ပေးအပ်ခဲ့ပြီး ကမ္ဘာ့မိုးလေဝသ အဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူးချုပ်က ပေးပို့သော သဝဏ်လွှာဗီဒီယိုနှင့် ကမ္ဘာ့မိုးလေဝသနေ့ အထိမ်းအမှတ် Video Clip တို့ကို ကြည့်ရှုအားပေးခဲ့ပြီး ဧည့်သည်တော်များနှင့်အတူ ခင်းကျင်းပြသထားသည့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ အထိမ်းအမှတ်ပြခန်းအား လှည့်လည် ကြည့်ရှုခဲ့ကြပါသည်။
မွန်းလွဲပိုင်းတွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးစီး၍ မိုးလေဝသ၊ ဇလဗေဒ၊ ငလျင်ဘာသာရပ်ဆိုင်ရာ စာတမ်း (၂၈) စောင်ကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတို့ လက်အောက်ရှိ ဦးစီး ဌာနများမှ အရာထမ်း/အမှုထမ်းများ၊ ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန လက်အောက်ရှိ တက္ကသိုလ်များမှဆရာ/ဆရာမများ၊ မြန်မာနိုင်ငံမြေငလျင်ကော်မတီနဲ့ မြန်မာနိုင်ငံဘူမိသိပ္ပံအသင်းတို့မှ ပညာရှင်များ၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အရာထမ်း/အမှုထမ်း များက ဖတ်ကြားဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန

