ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၀၈/၂၀၂၅)
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့ မြန်မာစံတော်ချိန် ၀၇:၀၀ နာရီအချိန် ထုတ်ပြန်ချက်
(က) ဆိုင်ကလုန်းမုန်တိုင်း “ဒစ်ဝါ” (DITWAH) အခြေအနေ
(၁) ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ သီရိလင်္ကာ နိုင်ငံ၊ ထရီကိုမာလီမြို့(Trincomalee)အနီးမှ ဖြတ်ကျော်ခဲ့သော ဆိုင်ကလုန်း မုန်တိုင်း“ဒစ်ဝါ”(DITWAH)သည် မြောက်-အနောက်မြောက်ဘက်သို့ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့(Coco Island)၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ၇၉၅ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ပူဒူချယ်ရီမြို့(Puducherry)၏ တောင်-အရှေ့ တောင်ဘက် ရေမိုင် ၁၇၅ မိုင်ခန့်နှင့် သီရိလင်္ကာနိုင်ငံ၊ ထရီကိုမာလီမြို့(Trincomalee) ၏ မြောက်-အနောက်မြောက်ဘက် ရေမိုင် ၄၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။
(၂) ဆိုင်ကလုန်းမုန်တိုင်း“ဒစ်ဝါ” ၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည် ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။
(ခ) ဆိုင်ကလုန်းမုန်တိုင်း “ ဒစ်ဝါ”၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “ဒစ်ဝါ” သည် မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန်တွင် မြောက်လတ္တီကျု ၉.၂ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၈၀.၈ ဒီဂရီတွင်ရှိပြီး ဗဟိုချက် လေဖိအား ၉၉၈ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် ၄၅ မိုင် နှုန်းခန့် ဖြစ်ပါသည်။
(ဂ) နောက် ၄၈ နာရီအတွင်းခန့်မှန်းချက်
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း“ဒစ်ဝါ”သည် မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက် ရွေ့လျားနိုင်ပြီး သီရိလင်္ကာနိုင်ငံအရှေ့မြောက်ပိုင်းကမ်းခြေဒေသများနှင့် ယင်းနှင့်ဆက်စပ် လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတို့ကို ဆက်လက်ဖြတ်ကျော်ကာ အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူးမြောက်ပိုင်းကမ်းခြေနှင့် အင်ဒရာပရာဒေ့ရှ်တောင်ပိုင်းကမ်းခြေ အနီးသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။
(ဃ) သတိပေးနှိုးဆော်ချက်
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “ဒစ်ဝါ”၏အရှိန်ကြောင့် မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့် အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် ၅ ပေမှ ၇ ပေခန့် ရှိနိုင်ပါသည်။
အကြံပြုချက်
၂။ သို့ဖြစ်ပါ၍ ဆိုင်ကလုန်းမုန်တိုင်း “ဒစ်ဝါ” ၏အရှိန်ကြောင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။



