အပူပိုင်းမုန်တိုင်း “ဘူအလွိုင်” အခြေအနေသတင်း အမှတ်စဉ်(၁၀/၂၀၂၅)
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့ မြန်မာစံတော်ချိန် ၁၆:၀၀ နာရီအချိန် ထုတ်ပြန်ချက်
၁။ အပူပိုင်းမုန်တိုင်း “ဘူအလွိုင်” (BUALOI) အခြေအနေ
ယနေ့မြန်မာစံတော်ချိန် ၁၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဗီယက်နမ်နိုင်ငံနှင့် လာအိုနိုင်ငံနယ်စပ်ဒေသများကို ဖြတ်ကျော်လျက်ရှိသော အားကောင်းသောအပူပိုင်း မုန်တိုင်း “ဘူအလွိုင်”သည် အပူပိုင်းမုန်တိုင်း “ဘူအလွိုင်” အဖြစ် အားလျော့သွားခဲ့ပြီး အနောက်-အနောက်မြောက်ဘက်သို့ရွေ့လျားခဲ့ကာ ဗီယက်နမ်နိုင်ငံနှင့် လာအိုနိုင်ငံနယ်စပ် ဒေသများကို ဆက်လက်ဖြတ်ကျော်လျက်ရှိပါသည်။
၂။ နောက် ၄၈ နာရီအတွင်းခန့်မှန်းချက်
အဆိုပါ အပူပိုင်းမုန်တိုင်း “ဘူအလွိုင်”သည် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး ယနေ့ညပိုင်းတွင် အပူပိုင်းမုန်တိုင်းငယ်အဖြစ် အားလျော့ နိုင်ကာ လာအိုနိုင်ငံကုန်းတွင်းပိုင်းဒေသများကို ဖြတ်ကျော်နိုင်ပြီး ၃၀-၉-၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် လာအိုနိုင်ငံနှင့် မြန်မာနိုင်ငံနယ်စပ်ဒေသများကိုလည်းကောင်း ဆက်လက် ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။
၃။ သတိပေးနှိုးဆော်ချက်
အဆိုပါ အပူပိုင်းမုန်တိုင်း “ဘူအလွိုင်”မှ ပြတ်ထွက်လာသော တိမ်တိုက်များကြောင့် ယနေ့ညနေမှ ၁-၁၀-၂၀၂၅ ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီး မည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ၁၀ ပေမှ ၁၂ ပေခန့်ရှိနိုင်ပါသည်။
အကြံပြုချက်
သို့ဖြစ်ပါ၍ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် အဆိုပါဒေသများရှိ ကုန်းမြင့်ဒေသအနီးတွင် နေထိုင် ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေး၊ လေကြောင်းပျံသန်းရေးနှင့် ဆည်မြောင်းတာတမံများအနေဖြင့် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားနိုင်ပါရန် သတိပေးနှိုးဆော်အပ်ပါသည်။