DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၁-၇-၂၀၂၅: ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်း ရာမှ အားအလွန်ကောင်းနေပါသည်။

 

ဆိုင်ကလုန်းမုန်တိုင်းသတင်းအမှတ်စဉ်(၀၆/၂၀၂၂)

ဆိုင်ကလုန်းမုန်တိုင်းသတင်းအမှတ်စဉ်(၀၆/၂၀၂၂)

(၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့ မြန်မာစံတော်ချိန်(၀၆:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

 

 (­­­က)   ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “မန်းဒပ်(စ်)(MANDOUS)”အခြေအနေ

(၁)     ယနေ့မြန်မာစံတော်ချိန် (၀၄:၃၀)နာရီအချိန်တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသောအားကောင်းသောမုန်တိုင်းငယ်(Deep Depression)သည် အနောက်-အနောက်မြောက်ဘက်သို့ရွေ့လျားခဲ့ပြီး၊ ပိုမိုအားကောင်းလာကာ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “မန်းဒပ်(စ်)(MANDOUS)” အဖြစ်သို့ ရောက်ရှိခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့(CocoIsland)၏အနောက်တောင်ဘက် ရေမိုင်(၅၉၅)မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့(Hainggyikyun)၏ အနောက်တောင်ဘက် ရေမိုင်(၇၀၅)မိုင်ခန့်၊သီရိလင်္ကာနိုင်ငံ၊ ဂျက်ဖ်နာမြို့(Jaffna)၏ အရှေ့-အရှေ့တောင်ဘက်ရေမိုင်(၂၆၀)မိုင်ခန့်နှင့် အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့(Chennai)၏ အရှေ့တောင်ဘက် ရေမိုင်(၃၂၅)မိုင်ခန့်အကွာပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

(၂)      ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “မန်းဒပ်(စ်)(MANDOUS)”၏ လက်ရှိ အခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။

(ခ)     ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)  “မန်းဒပ်(စ်)(MANDOUS)”၏တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

 အဆိုပါဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)  “မန်းဒပ်(စ်)(MANDOUS)” သည် မြန်မာစံတော်ချိန် (၀၄:၃၀)နာရီအချိန်တွင်  မြောက်လတ္တီကျု(၉.၄)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၄.၄)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား(၉၉၈)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၄၅)မိုင်မှ မိုင်(၅၀)နှုန်းခန့် ဖြစ်ပါသည်။

(ဂ)     နောက်(၄၈)နာရီအတွင်းခန့်မှန်းချက်

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “မန်းဒပ်(စ်)(MANDOUS)”သည် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊(၁၀.၁၂.၂၀၂၂) ရက်နေ့၌အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူးမြောက်ပိုင်း-ပူဒူချယ်ရီနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသောအင်ဒရာပရာဒေ့ရှ်တောင်ပိုင်းကမ်းခြေကိုပူဒူချယ်ရီမြို့(Puducherry)နှင့်စရီဟာရီခိုတမြို့(Sriharikota)တို့အကြားမှ ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟုခန့်မှန်းရပါသည်။

(ဃ)    သတိပေးနှိုးဆော်ချက် 

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)  “မန်းဒပ်(စ်)(MANDOUS)”၏အရှိန်ကြောင့် ယနေ့နံနက်မှ နောက်(၇၂)နာရီအတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါသည်။ မြန်မာ့ကမ်းရိုးတန်းတစ်​လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံမိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)အထိတိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာမြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၀)ပေခန့် ရှိနိုင်ပါသည်။

(င)     အကြံပြုချက်

သို့ဖြစ်ပါ၍ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “မန်းဒပ်(စ်)(MANDOUS)”၏အရှိန်ကြောင့် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်​လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိကမ်းနီး၊ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည် းကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။