DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၃-၁၂-၂၀၂၅: ယနေ့မြန်မာစံတော်ချိန် ၁၀:၃၀ နာရီအချိန် တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူးမြောက်ပိုင်း၊ ပူဒူချယ်ရီ နှင့် အင်ဒရာပရာဒေ့ရှ်တောင်ပိုင်းကမ်းခြေတို့ကို ပူဒူချယ်ရီမြို့အနီးမှ ဖြတ်ကျော်နေသော မုန်တိုင်းငယ်(Depression)သည် အနောက်တောင်ဘက်သို့ ဖြည်းညှင်းစွာ ရွေ့လျားခဲ့ပြီး အားကောင်းသောလေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area) အဖြစ် အားလျော့သွားခဲ့ပါသည်။ အဆိုပါ အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် အနောက်တောင်ဘက်သို့ ဖြည်းညှင်းစွာ ဆက်လက်ရွေ့လျားနိုင်ပြီး အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူးပြည်နယ် ကုန်းတွင်းပိုင်းဒေသ များကို ဆက်လက်ဖြတ်ကျော်နိုင်ကာ နောက် ၂၄ နာရီအတွင်း လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ အားလျော့သွားမည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင် နှင့် ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ် နေပါသည်။ 

ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၁၀/၂၀၂၅)

ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၁၀/၂၀၂၅)

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့ မြန်မာစံတော်ချိန် ၁၆:၀၀ နာရီအချိန် ထုတ်ပြန်ချက်

 

(­­­က)    ဆိုင်ကလုန်းမုန်တိုင်း “ဒစ်ဝါ” (DITWAH) အခြေအနေ

(၁)     ယနေ့မြန်မာစံတော်ချိန် ၁၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော သီရိလင်္ကာ နိုင်ငံမြောက်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း“ဒစ်ဝါ” (DITWAH) သည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ (Coco Island)၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ၇၉၅ မိုင်ခန့်၊ အိန္ဒိယ နိုင်ငံ၊ ပူဒူချယ်ရီမြို့(Puducherry)၏ တောင်-အရှေ့တောင်ဘက် ရေမိုင် ၁၅၀ မိုင်ခန့်နှင့် သီရိလင်္ကာနိုင်ငံ၊ ထရီကိုမာလီမြို့(Trincomalee)၏ မြောက်-အနောက် မြောက်ဘက် ရေမိုင် ၆၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

(၂)      ဆိုင်ကလုန်းမုန်တိုင်း“ဒစ်ဝါ” ၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည် ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။

(ခ)     ဆိုင်ကလုန်းမုန်တိုင်း “ ဒစ်ဝါ”၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “ဒစ်ဝါ” သည် မြန်မာစံတော်ချိန် ၁၅:၃၀ နာရီအချိန်တွင် မြောက်လတ္တီကျု ၉.၆ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၈၀.၇ ဒီဂရီတွင်ရှိပြီး ဗဟိုချက် လေဖိအား ၉၉၈ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် ၄၅ မိုင် နှုန်းခန့် ဖြစ်ပါသည်။

  (ဂ)    နောက် ၃၆ နာရီအတွင်းခန့်မှန်းချက်

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း“ဒစ်ဝါ”သည် မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက် ရွေ့လျားနိုင်ပြီး ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်း (အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူး မြောက်ပိုင်းကမ်းခြေနှင့် အင်ဒရာပရာဒေ့ရှ်တောင်ပိုင်းကမ်းခြေအနီး)သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။

(ဃ)    သတိပေးနှိုးဆော်ချက် 

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “ဒစ်ဝါ”၏အရှိန်ကြောင့် မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့် အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် ၅ ပေမှ ၇ ပေခန့် ရှိနိုင်ပါသည်။

အကြံပြုချက် 

၂။       သို့ဖြစ်ပါ၍ ဆိုင်ကလုန်းမုန်တိုင်း “ဒစ်ဝါ” ၏အရှိန်ကြောင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။