DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

 ၁၂-၅-၂၀၂၄  ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

မုန်တိုင်းငယ်သတင်းအမှတ်စဉ်(၀၁/၂၀၂၁)

 

မုန်တိုင်းငယ်သတင်းအမှတ်စဉ်(၀၁/၂၀၂၁)

 (၂၀၂၁ ခုနှစ်၊ စက်တင်ဘာ(၂၄)ရက်နေ့ မြန်မာစံတော်ချိန်(၁၉:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

 

(က)    မုန်တိုင်းငယ်(Depression)အခြေအနေ

(၁)     ယနေ့မြန်မာစံတော်ချိန် (၁၈:၃၀)နာရီအချိန် တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသောလေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် မုန်တိုင်းငယ်(Depression)အဖြစ်သို့ ရောက်ရှိခဲ့ပြီး၊ မြန်မာနိုင်ငံ၊ စစ်တွေ(Sittwe)မြို့၏ အနောက်တောင်ဘက် ရေမိုင် (၁၁၅)မိုင်ခန့်၊ ဂွ(Gwa)မြို့၏ အနောက်-အနောက်မြောက်ဘက် ရေမိုင် (၁၉၅)မိုင်ခန့်၊ ဟိုင်းကြီးကျွန်း(Hainggyigyun)မြို့၏ အနောက်မြောက်ဘက် ရေမိုင် (၂၃၅)မိုင်ခန့်နှင့် အိန္ဒိယနိုင်ငံ၊ ပါရာဒစ်ရှ်(Paradip)မြို့၏ အရှေ့တောင်ဘက်ရေမိုင် (၂၉၀)မိုင်ခန့်အကွာပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

(၂)      မုန်တိုင်းငယ်(Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ် ပါသည်။

 

(ခ)     မုန်တိုင်းငယ်(Depression)၏တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

အဆိုပါမုန်တိုင်းငယ်(Depression)သည် မြန်မာစံတော်ချိန် (၁၈:၃၀)နာရီအချိန်တွင်မြောက်လတ္တီကျု(၁၈.၈)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၉၁.၅)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား(၉၉၈)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၄၀)နှုန်းခန့် ဖြစ်ပါသည်။

(ဂ)      နောက်(၄၈)နာရီအတွင်းခန့်မှန်းချက်

အဆိုပါမုန်တိုင်းငယ်(Depression)သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားကာ၊ အိန္ဒိယနိုင်ငံ၊ဩရိဿကမ်းခြေအနီးမှ ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းရပါ သည်။

 

(ဃ)    သတိပေးနှိုးဆော်ချက် 

မုန်တိုင်းငယ်(Depression)၏အရှိန်ကြောင့် ယနေ့ညနေမှ နောက်(၄၈)နာရီအတွင်းနေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက်မိုးကြီးခြင်းနှင့် နေရာကွက်၍ မိုးကြီးခြင်းများဖြစ်ပေါ်နိုင်ကာ၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါမိုးသက်လေပြင်းများကျရောက်ပြီးလှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာမြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၂)ပေခန့် ရှိနိုင်ပါသည်။

 (င)    အကြံပြုချက်

အဆိုပါ မုန်တိုင်းငယ်(Depression)၏ အရှိန်ကြောင့် မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းများဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိကမ်းနီး၊ကမ်းဝေးငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောများအနေဖြင့်လည်းကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။