မုန်တိုင်းငယ်သတင်းအမှတ်စဉ်(၀၁/၂၀၂၁)
(၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ(၂)ရက်နေ့ မြန်မာစံတော်ချိန်(၂၃:၀၀)
နာရီအချိန်ထုတ်ပြန်ချက်)
(က) မုန်တိုင်းငယ်(Depression)အခြေအနေ
(၁) ယနေ့မြန်မာစံတော်ချိန် (၂၁:၃၀)နာရီအချိန် တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် ပိုမိုအားကောင်းလာပြီး၊ မုန်တိုင်းငယ်(Depression)အဖြစ်သို့ ရောက်ရှိခဲ့ကာ၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်း(Coco Island)မြို့၏ အနောက်တောင်ဘက် ရေမိုင် (၃၃၀)မိုင်ခန့်၊ ဟိုင်းကြီးကျွန်း(Hainggyigyun)မြို့၏ အနောက်တောင်ဘက် ရေမိုင်(၄၄၀)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ဗီဆာကာပတ္တနမ်မြို့(Vishakhapatnam)၏ တောင်-အရှေ့တောင်ဘက် ရေမိုင်(၄၈၅)မိုင်ခန့်၊ ဂိုလ်ပါပူ(Gopalpur)မြို့၏ တောင်-အရှေ့တောင်ဘက် ရေမိုင် (၅၁၅)မိုင်ခန့်နှင့် ပါရာဒစ်ရှ်(Paradip)မြို့၏ တောင်- အရှေ့တောင်ဘက် ရေမိုင် (၅၄၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။
(၂) မုန်တိုင်းငယ်(Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ် ပါသည်။
(ခ) မုန်တိုင်းငယ်(Depression)၏တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
အဆိုပါမုန်တိုင်းငယ်(Depression)သည် မြန်မာစံတော်ချိန် (၂၁:၃၀)နာရီအချိန်တွင်မြောက်လတ္တီကျု(၁၁.၄)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၈.၅)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား(၁၀၀၄)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၃၂)မိုင်နှုန်းခန့် ဖြစ်ပါသည်။
(ဂ) နောက်(၄၈)နာရီအတွင်းခန့်မှန်းချက်
အဆိုပါ မုန်တိုင်းငယ်(Depression)သည်အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး၊ (၃.၁၂.၂၀၂၁)ရက်နေ့၌ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင် ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)အဖြစ်သို့ အားကောင်းလာနိုင်ပြီး(၄.၁၂.၂၀၂၁)ရက်နေ့၌ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်း(အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်းကမ်းလွန်-ဩရိဿတောင်ပိုင်းကမ်းခြေ)သို့ ရောက်ရှိလာနိုင်သည်ဟုခန့်မှန်းရပါသည်။
(ဃ) သတိပေးနှိုးဆော်ချက်
အဆိုပါ မုန်တိုင်းငယ်(Depression)၏အရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံမိုးသက်လေပြင်းများကျရောက်ပြီးလှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်အထိတိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာမြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၇)ပေမှ (၉)ပေခန့် ရှိနိုင်ပါသည်။
(င) အကြံပြုချက်
သို့ဖြစ်ပါ၍ မုန်တိုင်းငယ်(Depression)၏အရှိန်ကြောင့်မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင် လေပြင်းတိုက်ခတ်ခြင်းများဖြစ်ပေါ်နိုင်ပါသဖြင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်းကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။