DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

 ၅-၅-၂၀၂၄  ကပ္ပလီပင်လယ်ပြင်တောင်ပိုင်း၊ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် အနောက် အလယ်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော် တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။ 

မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၁/၂၀၂၁)

မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၁/၂၀၂၁)

 (၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ (၁၈)ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

 

(က)    မုန်တိုင်းငယ်(Depression)အခြေအနေ

(၁)     ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလား ပင်လယ်အော်အနောက်အလယ်ပိုင်း(အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူးမြောက်ပိုင်း ကမ်းလွန် - အင်ဒရာပရာဒေ့ရှ်တောင်ပိုင်းကမ်းခြေ)တို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် ပိုမိုအားကောင်းလာပြီး၊ မုန်တိုင်းငယ်(Depression)အဖြစ်သို့ ရောက်ရှိခဲ့ကာ၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်း (Coco Island)မြို့၏ အနောက်-အနောက်တောင်ဘက် ရေမိုင် (၆၇၅)မိုင်ခန့်၊ ဟိုင်းကြီးကျွန်း(Hainggyigyun)မြို့၏ အနောက်တောင်ဘက် ရေမိုင်(၇၆၅) မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်(Chennai)မြို့၏ အရှေ့တောင်ဘက် ရေမိုင်(၁၇၅) မိုင်ခန့်၊ ပူဒူချယ်ရီ(Puducherry)မြို့၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် (၁၆၀)မိုင်ခန့်အကွာ  ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

(၂)      မုန်တိုင်းငယ်(Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ် ပါသည်။

(ခ)     မုန်တိုင်းငယ်(Depression)၏တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

အဆိုပါ မုန်တိုင်းငယ်(Depression)သည် မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန်တွင်    မြောက်လတ္တီကျု(၁၁.၀)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၂.၃)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက် လေဖိအား(၁၀၀၂)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၃၅)မိုင်နှုန်းခန့် ဖြစ်ပါသည်။

(ဂ)     နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်

အဆိုပါ မုန်တိုင်းငယ်(Depression)သည် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး၊ နောက်(၂၄)နာရီအတွင်း အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူးမြောက် ပိုင်းကမ်းခြေနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အင်ဒရာပရာဒေ့ရှ်တောင်ပိုင်းကမ်း ခြေတို့ကို ချင်းနိုင်(Chennai)မြို့အနီးမှ ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။

(ဃ)    သတိပေးနှိုးဆော်ချက် 

အဆိုပါ မုန်တိုင်းငယ်(Depression)၏အရှိန်ကြောင့် (၁၈.၁၁.၂၀၂၁)ရက်နေ့မှ (၁၉.၁၁.၂၀၂၁)ရက်နေ့အတွင်း တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကျဲကျဲနှင့် ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါသည်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်း ကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၃၀)မှ (၃၅)မိုင်အထိ တိုက်ခတ် နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ် ပြင်တို့တွင် (၇)ပေမှ (၉)ပေခန့် ရှိနိုင်ပါသည်။

 (င)     အကြံပြုချက်

သို့ဖြစ်ပါ၍ မုန်တိုင်းငယ်(Depression)၏အရှိန်ကြောင့် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြု နေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ် လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။