DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

(၂၉-၀၃-၂၀၂၄):ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့ တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော် တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

မုန်တိုင်းငယ်သတိပေးချက် အမှတ်စဉ်(၁/၂၀၂၃)

မုန်တိုင်းငယ်သတိပေးချက် အမှတ်စဉ်(၁/၂၀၂၃)

             (၂၀၂၃ ခုနှစ်၊ မေလ၉ရက်နေ့ မြန်မာစံတော်ချိန်(၂၃:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

(က)    မုန်တိုင်းငယ်(Depression)အခြေအနေ

(၁)     ယနေ့မြန်မာစံတော်ချိန် (၂၁:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့်ယင်းနှင့်ဆက်စပ်လျက်ရှိသောကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသောအားကောင်းသောလေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area)သည် ပိုမိုအားကောင်းလာပြီး၊ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် မုန်တိုင်းငယ်(Depression)အဖြစ်သို့ ရောက်ရှိခဲ့ကာ၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့(Coco Island)၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၄၁၅)မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၅၄၀)မိုင်ခန့်၊ စစ်တွေမြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၇၃၅)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ နီကိုးဘားကျွန်း(Nicobar Islands)၏ အနောက်- အနောက်မြောက်ဘက် ရေမိုင်(၂၆၅)မိုင်ခန့်၊ ပို့ပလဲယား(Port Blair)၏ အနောက်တောင်ဘက်ရေမိုင်(၂၇၅)မိုင်ခန့်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့(Cox’s Bazar)မြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၇၉၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

(၂)      မုန်တိုင်းငယ်(Depression)၏ လက်ရှိအခြေအနေမှာ ဘင်္ဂလားဒေ့ရှ်-မြန်မာကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားနိုင်သည့် အခြေအနေရှိပါသဖြင့် လိမ္မော်ရောင်အဆင့်ဟု သတ်မှတ်ပါသည်။

(ခ)     မုန်တိုင်းငယ်(Depression)၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

အဆိုပါ မုန်တိုင်းငယ်(Depression)သည် မြန်မာစံတော်ချိန် (၂၁:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု(၈.၃)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၉.၅)ဒီဂရီတွင် ရှိပြီး၊ ဗဟိုချက်လေဖိအား (၁၀၀၂)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၃၀)နှုန်းခန့် ဖြစ်ပါသည်။

(ဂ)      နောက်(၅)ရက်အတွင်းခန့်မှန်းချက်

အဆိုပါ မုန်တိုင်းငယ်(Depression)သည် မြောက်-အနောက်မြောက်ဘက်သို့ရွေ့လျားပြီး၊ပိုမိုအားကောင်းလာကာ (၁၀.၅.၂၀၂၃)ရက်နေ့ နံနက်ပိုင်းတွင်ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်း၌အားကောင်းသောမုန်တိုင်းငယ် (Deep Depression)အဖြစ်သို့လည်းကောင်း၊ ညပိုင်းတွင် ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) အဖြစ်သို့လည်းကောင်း၊ (၁၁.၅.၂၀၂၃)ရက်နေ့နံနက်ပိုင်းတွင် အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) အဖြစ်သို့လည်းကောင်း၊ ညပိုင်းတွင် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသောဘင်္ဂလားပင်လယ်အော်အလယ်ပိုင်း၌  ‌အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Very SevereCyclonic Storm) အဖြစ်သို့လည်းကောင်းရောက်ရှိနိုင်ပါသည်။ ထို့နောက်  (၁၄.၅.၂၀၂၃) ရက်နေ့တွင် မြောက်-အရှေ့မြောက်ဘက်သို့ တဖြည်းဖြည်းကွေ့ကာဘင်္ဂလားဒေ့ရှ်နိုင်ငံအရှေ့တောင်ပိုင်းနှင့် မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းကမ်းခြေကိုဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့ (Cox’s Bazar)နှင့်မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့တို့ကြားမှ ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟုခန့်မှန်းရပါသည်။

(ဃ)    သတိပေးနှိုးဆော်ချက်  

မုန်တိုင်းငယ်(Depression)၏အရှိန်ကြောင့် (၁၁.၅.၂၀၂၃)ရက်နေ့မှ (၁၅.၅.၂၀၂၃) ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့်အရှေ့ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာပြီး၊အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်ကာ၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊မန္တလေးတိုင်းဒေသကြီး၊‌ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမည်ဟု ခန့်မှန်းရပါသည်။ သို့ဖြစ်ပါ၍ ယနေ့ညမှ (၁၁.၅.၂၀၂၃)ရက်နေ့ အတွင်း မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီးလှိုင်းကြီးနိုင်ပါသည်။မိုးသက်လေပြင်းကျစဉ်ရေပြင်/မြေပြင်လေသည်တစ်နာရီလျှင်(၃၅)မိုင်မှ မိုင်(၄၀)ခန့်အထိတိုက်ခတ်နိုင်ပြီး၊ (၁၂.၅.၂၀၂၃)ရက်နေ့မှ (၁၄.၅.၂၀၂၃)ရက်နေ့အတွင်း မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏမိုးသက်လေပြင်းများကျရောက်ပြီးလှိုင်းကြီးရာမှလှိုင်းအလွန်ကြီးနိုင်ပါသည်။မိုးသက်လေပြင်းကျစဉ်ရေပြင်/မြေပြင်လေသည်တစ်နာရီလျှင်မိုင်(၇၀)မှမိုင်(၈၀)ခန့်အထိတိုက်ခတ်နိုင်ပါသည်။ မုတ္တမကွေ့- မွန်တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင်ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီးလှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ်ရေပြင်/မြေပြင်လေသည်တစ်နာရီလျှင်မိုင်(၄၀)မှ (၄၅)မိုင်ခန့်အထိတိုက်ခတ်နိုင်သည်ဟုခန့်မှန်းရပါသည်။

(င)     အကြံပြုချက်

အဆိုပါဖြစ်ပေါ်လာနိုင်သည့် ‌ဆိုင်ကလုန်းမုန်တိုင်း၏အရှိန်ကြောင့်လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူမြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့်မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် မြစ်ငယ်၊ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့်ပြည်တွင်းလေကြောင်း ပျံသန်းရေးနှင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့ရှိကမ်းနီး၊ကမ်းဝေးငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောများအနေဖြင့်လည်းကြိုတင်သတိပြု ရှောင်ရှားနိုင်ပါရန်နှင့် ပြည်သူလူထုအနေဖြင့်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ အချိန်နှင့်တပြေးညီထုတ်ပြန်ချက်များကို စောင့်ကြည့်၍ လိုအပ်သည့်ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်သွားနိုင်ပါရန်အကြံပြုအပ်ပါသည်။