DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၄-၁၁-၂၀၂၅: ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော မြန်မာနိုင်ငံ၊ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းဒေသအနီးတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area) သည်  မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်း၊ မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်း နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော မြစ်ဝကျွန်းပေါ်ကမ်းလွန်ဒေသများသို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး ၅-၁၁-၂၀၂၅ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်အရှေ့ မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းရိုးတန်းဒေသများသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့် အရှေ့မြောက်ပိုင်းတို့တွင် တိမ်ထူထပ်နေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

 

၂၀၂၅ ခုနှစ်၊ မိုးနှောင်းကာလအတွက် မိုးလေ၀သခန့်မှန်းချက်

၂၀၂၅ ခုနှစ်၊ မိုးနှောင်းကာလအတွက် မိုးလေ၀သခန့်မှန်းချက်

၂၀၂၅ ခုနှစ်၊ မိုးနှောင်းကာလ သတ်မှတ်ခြင်း

၁။      ၂၀၂၅ ခုနှစ်၊ မိုးနှောင်းကာလသည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့ (မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၀ ရက်နေ့)မှစ၍ အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံ တစ်ဝန်းလုံးမှ ပြန်လည်ဆုတ်ခွာသွားသည့်နေ့အထိ ဖြစ်ပါသည်။

မုတ်သုံလေဆုတ်ခွာသည့် အခြေအနေ

၂။       အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံအရပ်ရပ်မှ အောက်ပါအတိုင်း ဆုတ်ခွာသွား ဖွယ်ရာရှိပါသည်-

          (က)    စက်တင်ဘာလ ၁၄ ရက်နေ့မှ ၁၉ ရက်နေ့အတွင်း မြန်မာနိုင်ငံမြောက်ပိုင်းဒေသများ၊

( ခ )   စက်တင်ဘာလ ၂၀ ရက်နေ့မှ ၂၅ ရက်နေ့အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများ၊

( ဂ )     စက်တင်ဘာလ ၂၆ ရက်နေ့မှ အောက်တိုဘာလ ၁ ရက်နေ့အတွင်း မြစ်ဝကျွန်းပေါ် ဒေသများ၊

          (ဃ)    အောက်တိုဘာလ ၂ ရက်နေ့မှ ၇ ရက်နေ့အတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသများ။

ဘင်္ဂလားပင်လယ်အော်အခြေအနေ

၃။      ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်‌၀န်း (၃) ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ (၂) ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါသည်။ အနောက်တောင်မုတ်သုံလေသည် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် အားအနည်းငယ်မှ အားအသင့်အတင့် ရှိနိုင် ပါသည်။

မိုးအခြေအနေ

၄။         မိုးရွာသွန်းမှုအ‌ခြေအနေမှာ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ကယားပြည်နယ်နှင့် ရှမ်း ပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် ရွာသွန်းမြဲထက်ပိုနိုင်ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် ရွာသွန်းမြဲအောက် လျော့နည်းနိုင်ကာ၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်း ပြည်နယ်(မြောက်ပိုင်း)တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။