DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

Main menu

၈-၅-၂၀၂၆ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

(၃၄) ကြိမ်မြောက် အမျိုးသားအဆင့်မုတ်သုံဖိုရမ်

(၃၄) ကြိမ်မြောက် အမျိုးသားအဆင့်မုတ်သုံဖိုရမ်

ပို့ဆောင်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဦးစီး၍ (၃၄)ကြိမ်မြောက် အမျိုးသားအဆင့် မုတ်သုံဖိုရမ်ဆွေးနွေးပွဲ အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ မေလ ၇ ရက်နေ့တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ဘက်စုံသဘာဝဘေးကြိုတင် သတိပေးဗဟိုဌာန (Multi-Hazard Early Warning Center)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ပို့ဆောင်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး ဆောင်ရွက်နေသော ဌာနများ၊ စိုက်ပျိုးရေးဆောင်ရွက်နေသောဌာနများ၊ ရေနှင့်ပတ်သက်၍ ဆောင်ရွက်နေသောဌာနများ၊ အခြား ဆက်စပ်ဌာနများမှ ဌာနဆိုင်ရာကိုယ်စားလှယ်များနှင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ အပါအဝင် စုစုပေါင်း ၅၀ ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

ယနေ့ကျင်းပပြုလုပ်သည့်  (၃၄)ကြိမ်မြောက်   မုတ်သုံဖိုရမ်တွင် ၂၀၂၆ ခုနှစ်၊ မိုးရာသီကာလ (အနောက်တောင်မုတ်သုံရာသီကာလ)အတွက် မိုးလေဝသနှင့် ဇလဗေဒဆိုင်ရာယေဘုယျခန့်မှန်းချက် များအား တင်ပြဆွေးနွေးခြင်း၊ စိုက်ပျိုးရေးမိုးလေဝသအခြေအနေနှင့် ၂၀၂၆ ခုနှစ်တွင် ဖြစ်ပေါ်နိုင် သည့် အယ်လ်နီညိုအခြေအနေနှင့် ပတ်သက်၍ တင်ပြခြင်း၊ မြန်မာနိုင်ငံနှင့် ငလျင်ဘေးအန္တရာယ် အကြောင်းတို့ကိုရှင်းလင်းတင်ပြခြင်း၊ ရာသီအလိုက်ခန့်မှန်းချက်များကို အသုံးပြုသည့် သက်ဆိုင်ရာ ကဏ္ဍအသီးသီးမှ ပြီးခဲ့သည့် ၂၀၂၅ - ၂၀၂၆ ခုနှစ်  ဆောင်းရာသီ ကာလအတွင်း ကြုံတွေ့ခဲ့ရသော ရာသီဥတုနှင့် မိုးလေဝသဆိုင်ရာ အတွေ့အကြုံများနှင့် သင်ခန်းစာများကို ဆွေးနွေးခြင်းနှင့် လာမည့် ၂၀၂၆ ခုနှစ်၊ မိုးရာသီကာလအတွက် ကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်မှုအခြေအနေ များအား ဆွေးနွေးခြင်း၊ ဖြည့်စွက်အကြံပြုချက်များကို ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။