DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၁၉-၄-၂၀၂၄  ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

"(၆၂)ကြိမ်မြောက် ကမ္ဘာ့မိုးလေဝသနေ့ အထိမ်းအမှတ် အခမ်းအနား"

"(၆၂)ကြိမ်မြောက် ကမ္ဘာ့မိုးလေဝသနေ့ အထိမ်းအမှတ်အခမ်းအနား"

ရက်စွဲ၊၂၀၂၂ ခုနှစ်၊ မတ်လ ၂၃ ရက်

သတင်းထုတ်ပြန်ချက်
=================

၂၀၂၂ ခုနှစ်၊ မတ်လ (၂၃)နေ့၌ ကျရောက်သည့် (၆၂)ကြိမ်မြောက် ကမ္ဘာ့မိုးလေဝသနေ့ အထိမ်းအမှတ် အခမ်းအနားအား နေပြည်တော်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ကမ္ဘာ့မိုးလေဝသနေ့ အထိမ်းအမှတ်ဖွင့်ပွဲ အခမ်းအနားသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာညွန့်ဖေ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက အဖွင့် အမှာစကား ပြောကြားခဲ့ရာတွင် ကမ္ဘာ့မိုးလေဝသနေ့ အထိမ်းအမှတ်အခမ်းအနားများအား နှစ်စဉ် မတ်လ (၂၃)ရက်နေ့ ရောက်တိုင်း ကျင်းပခြင်းဖြစ်ကြောင်း၊ ယခု (၂၀၂၂)ခုနှစ်၊ ကမ္ဘာ့မိုးလေဝသနေ့ ဆောင်ပုဒ်မှာ “သဘာဝဘေးအန္တရာယ် လျော့ပါးရေးကြိုတင်သတိပေးမှုနှင့် တုံ့ပြန်ဆောင်ရွက်မှုကို မြှင့်တင်ပေး”၊   (“Early Warning and Early Action. Hydrometeorological and Climate Information for Disaster Risk Reduction’’) ဖြစ်ပါကြောင်း၊ ယခုအခါ ရာသီဉတုပြောင်းလဲမှုကြောင့် မိုးလေဝသ၊ ဇလဗေဒနှင့် ရာသီဥတုဆိုင်ရာ အစွန်းရောက် အဖြစ်အပျက်များသည် ကမ္ဘာ့နေရာ အနှံ့အပြားတွင် ပိုမိုဖြစ်ပွားလာခဲ့ရာ အထူးသဖြင့် ကျွန်းနိုင်ငံများ၊ ဖွံ့ဖြိုးဆဲနိုင်ငံများဟာ ရာသီဉတု ပြောင်းလဲမှုဒဏ်ကို အခံရဆုံးဒေသများ ဖြစ်ပါကြောင်း၊ ကမ္ဘာ့ရာသီဉတုပြောင်းလဲလျက်ရှိသလို မြန်မာနိုင်ငံမှာလည်း သိသိသာသာ ခံစားနေရပါကြောင်း၊ မုတ်သုံအဝင်နောက်ကျခြင်း၊ အထွက်စောခြင်းတို့ကြောင့် ပျမ်းမျှမုတ်သုံ ကာလများဟာ တိုတောင်းလာရာ ယခင်က မုတ်သုံကာလ (၁၄၄)ရက် ရှိခဲ့ရာမှ၊ ယခုအခါ မုတ်သုံကာလ (၁၂၁) ရက်သာ ရှိတော့တဲ့အတွက် မုတ်သုံကာလ (၃)ပတ်ကျော်လျော့ နည်းခဲ့ပါကြောင်း၊ ယခုလတ်တလော ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်အနေဖြင့် မြန်မာ့ပင်လယ်ပြင်မှာ ဖြစ်ပေါ်သွားတဲ့ မုန်တိုင်းဟာ နှစ်ပေါင်း (၁၀၀)ကျော်အတွင်း မတ်လ၌ မြန်မာနိုင်ငံသို့ မုန်တိုင်းဝင်ရောက်ခြင်းသည် ပထမဆုံးဖြစ်ပါကြောင်း ပြောကြားသွားခဲ့ပါသည်။ ထို့နောက် ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်သူ Professor Petteri Taalas ၏ သဝဏ်လွှာအား ဗွီဒီယိုဖြင့် ပြသခဲ့ပါသည်။ ထို့နောက် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ Video Clip ကို ပြသခဲ့ပြီးနောက် ကမ္ဘာ့မိုးလေဝသ နေ့အထိမ်းအမှတ်အခမ်းအနား ဆောင်းပါးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများအား ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဆုချီးမြှင့်ပေးအပ်ခဲ့ပြီး အခမ်းအနား တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများနှင့်အတူ ဖိတ်ကြားထားသော ဧည့်သည်တော်များသည် အခမ်းအနားတွင် ခင်းကျင်းပြသထားသော မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ရာတွင် အသုံးပြုသော ခေတ်မီပစ္စည်းကိရိယာများနှင့် မှတ်တမ်းဓာတ်ပုံများအား လှည့်လည် ကြည့်ရှုကြပါသည်။ နေ့ခင်းပိုင်းတွင် မိုးလေဝသ၊ ဇလဗေဒ၊ မြေငလျင်ဘာသာရပ်ဆိုင်ရာ စာတမ်းများကို မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့် မိတ်ဖက်ဌာနများဖြစ်သော ကျိုင်းတုံတက္ကသိုလ်(ပထဝီဝင်ဌာန)၊ ရန်ကုန်တက္ကသိုလ် (ပထဝီဝင်ဌာန)၊ လားရှိုးတက္ကသိုလ် (ဓါတုဗေဒဌာန)နှင့် နေပြည်တော်၊ စိုက်ပျိုးရေး သုတေသနဌာန(ရေဆင်း)တို့မှ စာတမ်းရှင်များက ဖတ်ကြားခဲ့ပါသည်။ ကမ္ဘာ့မိုးလေဝသအဖွဲ့ကို (၁၉၅၁) ခုနှစ်မှ စတင်တည်ထောင်ခဲ့ပြီး၊ ကမ္ဘာ့မိုးလေဝသနေ့ အထိမ်းအမှတ်အခမ်းအနားကို (၁၉၆၁) ခုနှစ်မှ စတင်ကျင်းပခဲ့ရာ ဒီကနေ့ဟာဆိုရင် (၆၂)ကြိမ်မြောက် ကမ္ဘာ့မိုးလေဝသနေ့အခမ်းအနား ကျင်းပခြင်းဖြစ်ပါကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိပါသည်။