DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၁၁-၁၀-၂၀၂၅: အနောက်တောင်မုတ်သုံလေသည် ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်း၊ အရှေ့အလယ်ပိုင်းနှင့် မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသများမှ ဆုတ်ခွာခဲ့ပြီးဖြစ်ပါသည်။ ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားနည်းနေပါသည်။

 

Severe Tropical Storm “MATMO” News, No. 5, 2025

အားကောင်းသောအပူပိုင်းမုန်တိုင်း“မတ်မို”အခြေအနေသတင်း အမှတ်စဉ် (၀၅/၂၀၂၅)

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့ မြန်မာစံတော်ချိန် ၀၇:၀၀ နာရီအချိန် ထုတ်ပြန်ချက်

(­­­က)   အားကောင်းသောအပူပိုင်းမုန်တိုင်း “မတ်မို” (METMO) အခြေအနေ

ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန်တိုင်းထွာချက်များအရ ယမန်နေ့ညက တုံကင်ပင်လယ်ကွေ့ကို ဖြတ်ကျော်ခဲ့သော တိုင်ဖွန်းမုန်တိုင်း“မတ်မို”(MATMO)သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး အားကောင်းသောအပူပိုင်းမုန်တိုင်း “မတ်မို”အဖြစ်သို့ အားလျော့သွားခဲ့ကာ တရုတ်နိုင်ငံတောင်ပိုင်း၊ ကွမ်ရှီးပြည်နယ်ကမ်းရိုး တန်းဒေသများကို ဆက်လက် ဖြတ်ကျော်လျက်ရှိပါသည်။

(ခ)    အားကောင်းသောအပူပိုင်းမုန်တိုင်း“မတ်မို”၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

အဆိုပါ အားကောင်းသောအပူပိုင်းမုန်တိုင်း“မတ်မို”သည် မြန်မာစံတော်ချိန် ၀၅:၃၀ နာရီ အချိန်တွင် မြောက်လတ္တီကျု ၂၁.၈ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၁၀၈.၂ ဒီဂရီတွင်ရှိပြီး ဗဟိုချက်လေဖိအား ၉၉၀ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၆၀ နှုန်းခန့် ဖြစ်ပါသည်။

(ဂ)  နောက် ၂၄ နာရီအတွင်းခန့်မှန်းချက်

အဆိုပါ အားကောင်းသောအပူပိုင်းမုန်တိုင်း“မတ်မို”သည် အနောက်-အနောက်မြောက် ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး နောက် ၉ နာရီအတွင်း အပူပိုင်းမုန်တိုင်း“မတ်မို” အဖြစ်သို့ အားလျော့သွားနိုင်ကာ တရုတ်နိုင်ငံတောင်ပိုင်း၊ ကွမ်ရှီးပြည်နယ်ကုန်းတွင်းပိုင်း နှင့် ဗီယက်နမ်နိုင်ငံမြောက်ပိုင်းနယ်စပ်ဒေသတို့ကို ဆက်လက်ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။ ထိုမှတစ်ဆင့် နောက် ၂၄ နာရီအတွင်း ဗီယက်နမ်နိုင်ငံမြောက်ပိုင်း နယ်စပ်ဒေသများကို ဖြတ်ကျော်နိုင်ပြီး တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်တွင် ကုန်းတွင်း မုန်တိုင်းငယ်အဖြစ် အားလျော့သွားနိုင်သည်ဟု ခန့်မှန်းရပါသည်။