DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၄-၄-၂၀၂၄  ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊  ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

မုန်တိုင်းငယ်သတင်းအမှတ်စဉ်(၀၂/၂၀၂၁)

မုန်တိုင်းငယ်သတင်းအမှတ်စဉ်(၀၂/၂၀၂၁)

 (၂၀၂၁ ခုနှစ်၊ စက်တင်ဘာ(၂၅)ရက်နေ့ မြန်မာစံတော်ချိန်(၀၇:၀၀)နာရီအချိန်

ထုတ်ပြန်ချက်)

(က)    မုန်တိုင်းငယ်(Depression)အခြေအနေ

(၁)     ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression)သည် အနောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ စစ်တွေ (Sittwe)မြို့၏ အနောက်တောင်ဘက် ရေမိုင်(၁၆၅)မိုင်ခန့်၊ ဂွ(Gwa)မြို့၏ အနောက်-အနောက်မြောက်ဘက် ရေမိုင်(၂၅၀)မိုင်ခန့်၊ ဟိုင်းကြီးကျွန်း(Hainggyigyun)မြို့၏ အနောက်မြောက်ဘက် ရေမိုင်(၂၈၀)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ပါရာဒစ်ရှ်(Paradip)မြို့၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင်(၂၃၀)မိုင်ခန့်နှင့် ဂိုလ်ပါပူ(Gopalpur)မြို့၏ အရှေ့ဘက်ရေမိုင် (၃၁၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

(၂)      မုန်တိုင်းငယ်(Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ် ပါသည်။

(ခ)     မုန်တိုင်းငယ်(Depression)၏တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

အဆိုပါမုန်တိုင်းငယ်(Depression)သည် မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန်တွင်မြောက်လတ္တီကျု(၁၈.၈)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၉၀.၄)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား(၉၉၈)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၄၀)နှုန်းခန့် ဖြစ်ပါသည်။

(ဂ)      နောက်(၄၈)နာရီအတွင်းခန့်မှန်းချက်

အဆိုပါမုန်တိုင်းငယ်(Depression)သည် နောက်(၁၂)နာရီအတွင်း အားကောင်းသောမုန်တိုင်းငယ်(Deep Depression)အဖြစ်သို့ ရောက်ရှိနိုင်ပြီး၊ အနောက်- အနောက်မြောက်ဘက်သို့ရွေ့လျားကာ၊ နောက်(၄၈)နာရီအတွင်း အိန္ဒိယနိုင်ငံ၊ဩရိဿတောင်ပိုင်းကမ်းခြေနှင့် အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်းကမ်းခြေတို့အနီးမှဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းရပါသည်။

(ဃ)    သတိပေးနှိုးဆော်ချက် 

မုန်တိုင်းငယ်(Depression)၏အရှိန်ကြောင့် ယနေ့နံနက်မှ နောက်(၄၈)နာရီအတွင်းနေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက်မိုးကြီးခြင်းနှင့် နေရာကွက်၍ မိုးကြီးခြင်းများဖြစ်ပေါ်နိုင်ကာ၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါမိုးသက်လေပြင်းများကျရောက်ပြီးလှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိတိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာမြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၂)ပေခန့် ရှိနိုင်ပါသည်။

 (င)    အကြံပြုချက်

အဆိုပါ မုန်တိုင်းငယ်(Depression)၏ အရှိန်ကြောင့် မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းများဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိကမ်းနီး၊ကမ်းဝေးငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောများအနေဖြင့်လည်းကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။