၁-၁၀--၂၀၂၅: ယနေ့မြန်မာစံတော်ချိန် ၁၀:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area) သည် ပိုမိုအားကောင်းလာကာ အားကောင်းသောလေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area) အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတို့တွင် ၂-၁၀-၂၀၂၅ ရက်နေ့၌ မုန်တိုင်းငယ်အဖြစ်သို့ ပိုမိုအားကောင်းလာနိုင်ကာ ၃-၁၀-၂၀၂၅ ရက်နေ့တွင် အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်တောင်ပိုင်း-အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်းကမ်းခြေတို့ကို ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအသင့်အတင့်ရှိနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားကောင်းနေပါသည်။